ကရင်နီတပ်မတော် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ပူးပေါင်း၍ စစ်ကောင်စီတပ်လက်နက်ကြီးစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် KA သတင်းပြန်ကြားရေးအဖွဲ့ကထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ရီလ၂၇ ရက်၊ နံနက်၆နာရီခွဲအချိန်တွင် ဘီပီ–၁၂၊ ကောက်ကောက်စခန်း အနီးရှိစစ်ကောင်စီတပ်ခလရ(၁၃၅)၊ ခလရ(၅၄)နှင့် အမြောက်တပ်အမှတ်(၃၆၀)တို့ အခြေပြုထားသည့် တောင်ကုန်းပွိုင့်အမှတ်(၁၄၄၁)စခန်း(၁)ခုကို ကရင်နီတပ်မတော်(KA)တပ်ရင်း(၁)၊ တပ်ရင်း(၅)နှင့် KNDF ပူးပေါင်းတပ်တို့မှရုတ်တရက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ပွိုင့်(၁၄၄၁)စခန်းသည် စခန်း(၂)ခုရှိပြီး လက်နက်ကြီးတပ်စုအခြေပြုသည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်းလွယ်ကူစွာဝင်ရောက်စီးနှင်းနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစခန်းအား သိမ်းပိုက်နိုင်ခဲ့ရာ ၎င်းစခန်းမှ ၁၂၀မမ(၁)လက်၊ ၉မမ(၁)လက်၊ အာပီဂျီ–၇(၁)လက်၊ ငါးကျင်းမြီးစက်လတ်(၁)လက်၊ အမ်အေ–၂ (၃)လက်၊ အမ်အေ–၄(၁)လက် အမျိုးအစားမသိရသေးသည့်လက်နက်(၂)လက်နှင့် ဗုံးသီးများ ကျည်ဆံခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် စခန်းအတွင်းတွင်ပြန့်ကျဲသောစစ်ကောင်စီ၏ အလောင်း(၁၀)လောင်းခန့် တွေ့ရ ကြောင်းစစ်မြေပြင်မှစစ်အရာရှိတစ်ဦး၏ သတင်းပေးပို့ချက်အရသိရသည်ဟု KA သတင်းပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။
ပထမစခန်းသိမ်းဆည်းမှုအပြီး နံနက်(၈)နာရီခန့်တွင် ဒုတိယစခန်းတစ်ခုကိုဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်ရန်နေစဉ် အနောက်ဖက်မှစစ်ဂျက်လေယာဉ်(၅)စီးတိတိ ဝင်ရောက်လာပြီး စက်သေနတ်များဖြင့်လည်းကောင်း၊ ဗုံးသီးများဖြင့်သော်လည်းကောင်း ပစ်ကူပေးလာသဖြင့်ကရင်နီပူးပေါင်းတပ်များ ပြန်လည် ဆုတ်ခွာပေးရသည်။
စခန်း၌ ၁၂၀မမ လက်နက်ကြီး(၂)လက်ရှိသော်လည်း အခြေအနေရ(၁)လက်သာ ရယူနိုင်ခဲ့ပြီး တပ်စခန်း၏ အပြင်ဖက်တွင် (၁)လက်ချန်လပ်ခဲ့ကြောင်းနှင့် KA ဖက်မှ စစ်သည်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု KA သတင်းပြန်ကြားအဖွဲ့က ထုတ်ပြန်ထားသည်။