ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွေ့ဆုံဆွေးနွေးမှု ကမ်းလှမ်းချက်ကို ကြိုဆိုသည်ဟု ကမ္ဘာတစ်ဝှမ်းရှိကရင်လူ့အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ နော်ဆဲဆဲက သံလွင်ခက်ကိုပြောသည်။
ကမ္ဘာတစ်ဝှမ်းရှိ ကရင် လူ့အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ လိုအပ်ပါက ပွင့်လင်းရင်းနှီးစွာဖြင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟု ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် KNU ၏ ထုတ်ပြန်ချက်အပေါ်နော်ဆဲဆဲက ယခုကဲ့သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
၎င်းက “ဒီလို စာတွေ တုံ့ပြန် လုပ်ဆောင်ဖို့ဆိုတာ မျှော်လင့်ခဲ့တာ ကြာပြီ။ ဒီလို ပြန်ပြီးတော့ သဘောထားတင်ပြတဲ့အတွက်ကြောင့် ကျွန်မတို့ ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတို့ တွေ့ဆုံရမယ်။နှစ်ဖက် ပိုပြီး ရှင်းလင်းအောင် အသေးစိတ် ကိစ္စရပ်တွေလည်း ဆွေးနွေးရမယ့် အပိုင်းတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အပြောင်းအလဲ တစ်ခုအတွက် ခြေလှမ်းပါပဲ” ဟုဆိုသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှ KNU မည်သည့် ခေါင်းဆောင်မဆို တရားမဝင်လုပ်ငန်းများနှင့် ပါဝင်ပတ်သက်မှု မရှိရန်၊ ပါဝင် ပတ်သက်နေသူရှိပါက အရေးယူဆောင်ရွက်နိုင်ရန်နှင့် နောင်လာမည့် ခေါင်းဆောင်များအနေဖြင့်လည်းKNU အဖွဲ့အစည်းကို ထိခိုက်နစ်နာစေမည့် လုပ်ရပ်မျိုး မလုပ်ရန် စသည့် ရလဒ်ကောင်းများ မျှော်လင့်သည်ဟု ၎င်းက ဆက်ပြောသည်။
ကရင်ပြည်နယ်တွင် ဒုစရိုက်လုပ်ငန်းများ၊ တရားမဝင်လုပ်ငန်းများ ပါဝင်နေသည့် တရုတ်စီမံကိန်းတချို့တွင် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီတစ်ဦးဖြစ်ပြီး ကာကွယ်ရေးဌာန၏ ဌာနမှူးတစ်ဦးလည်းဖြစ်သည့် ပဒိုစောရောဂျာခင် ပါဝင်ပတ်သက်နေသည်ဟု သိရသည်။ ယင်းအပေါ် အရေးယူဆောင်ရွက်မှုမရှိသည့်အတွက် ဗဟိုအလုပ်အမှုဆောင် တစ်ဖွဲ့လုံး နှုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင် လူ့အဖွဲ့အစည်း ၆၈ ဖွဲ့က ဖေဖော်ဝါရီ ၂၃ရက်တွင် KNU ကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။
မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့်နီးသည့် တရုတ်စီမံကိန်းတစ်ခုဖြစ်သည့် ဟွမ်ယာမြို့သစ်စီမံကိန်းကို ပဒိုစောရောဂျာခင်က ခွင့်ပြုပေးခဲ့ကြောင်းနှင့် ဖေဖော်ဝါရီလ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် စီမံကိန်းဖွင့်ပွဲအခမ်းအနားကို ၎င်း တက်ရောက်ခဲ့သည်ဟု အိတ်ဖွင့်ပေးစာထဲတွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ စီမံကိန်းတွင် နိုင်ငံတကာပြစ်မှုမြောက်သည့် အွန်လိုင်းလောင်းကစား၊ လူကုန်ကူးမှု၊ လိင်ဖျော်ဖြေရေးလုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများ ပါဝင်နေသည့်အပြင် ဒုစရိုက်လုပ်ငန်းတွင် ပါဝင်နေသည့်နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များမှ ငွေမည်းကို ငွေဖြူအဖြစ် ပြောင်းလဲနိုင်အောင် ဤတရုတ်စီမံကိန်းများတွင်ငွေကြေးရင်းနှီးမြှုပ်နှံနေကြခြင်းဖြစ်သည်ဟုလည်း ကရင်လူမှုအဖွဲ့အစည်းများက ဆိုသည်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်သည့် မြို့သစ်စီမကိန်း အုတ်မြစ်ချပွဲ အခမ်းအနားသည် Trans- Asia International Holding Group (Thailand) ကုမ္ပဏီနှင့် ကရင်ဒေသခံကုမ္ပဏီဖြစ်သည့် မုလအိအလင်း ကုမ္ပဏီအကြား လုပ်ငန်းစတင်ရေးအတွက် မြေငှားစာချုပ်ချုပ်ဆိုခြင်းသာဖြစ်ပြီး စောရောဂျာခင်က ဒေသခံမြေပိုင်ရှင်လူထုကိုယ်စား အသိသက်သေအဖြစ် တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု KNU က ဖေဖော်ဝါရီ ၂၆ ရက်တွင်ထုတ်ပြန်သည်။
အဆိုပါ အခမ်းအနားတွင် ဒေသခံကုမ္ပဏီနှင့် မြေပိုင်ရှင်ပြည်သူလူထုအား အသိပေးထားခြင်း မရှိသော ” KNU နှင့်Huanya International Holdings Group အကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ရေးထိုးခြင်းနှင့်အုတ်မြစ်ချပွဲအခမ်းအနား” ဆိုင်းဘုတ်ကြောင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ကာကွယ်ရေးဌာန ဌာနမှူးပဒိုစောရော်ဂျာခင်အပေါ် အထင်အမြင် လွဲမှားမှုဖြစ်ခဲ့သလို ပဒိုစောရော်ဂျာခင်က လုပ်ပိုင်ခွင့် ပေးခဲ့သည်ဆိုသည့်သတင်းဌာန တစ်ခု၏ ဖော်ပြချက်ကြောင့် အထင်မှားအမြင်မှားမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မည့်သည့် KNU အစည်းအရုံးဝင် တစ်ဦးတစ်ယောက်ကိုမျှ ဤသို့သော ရာဇာဝတ်မှုများနှင့် ဆက်စပ်သည့်စီးပွားရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်း၊ ထောက်ကူခြင်းစသည့် မည်သည့်လုပ်ရပ်မဆိုတွင် ပါဝင်ခြင်းမှ တားမြစ်ထားသည်ဟု KNU က ထုတ်ပြန်ထားသည်။
တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်နှင့် ပတ်သက်ပြီး KNU ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များ ဖြစ်သည့် ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောတာဒိုမူးနှင့် ပဒိုစောတောနီးတို့ကို လူမှုကွန်ယက် ပလက်ဖောင်းအမျိုးမျိုးမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မရခဲ့ပေ။