စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် နှစ်နှစ်နှင့်တစ်လပြည့်မြောက်သည့် အချိန်၌ ကရင်နီပြည်တွင် စစ်ကောင်စီတပ်များကြောင့် ပြည်သူ ၄၃၉ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
အာဏာစသိမ်းသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ကရင်နီပြည်တွင် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းနှင့် ပတ်သက်ပြီး တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ထုတ်ပြန်ခဲ့ရာ အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု ၃၀၉ ဦး နှင့် စစ်ရှောင် သေဆုံးမှု ၁၃၀ ဦးထိရှိနေသည်ဟု ပါရှိသည်။ ထို့ပြင်မတရားဖမ်းဆီးခံရသူ ၂၇၉ ဦးရှိသည်ဟု ဖော်ပြထားသည်။
ကရင်နီပြည်တွင် အရပ်သားပြည်သူများနှင့်စစ်ရှောင်များ သေဆုံးမှုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မိုင်းထိခြင်း၊ လက်နက်ကြီးထိမှန်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခံရခြင်းနှင့် ဆေးဝါးများဖြတ်တောက်ခံရခြင်း အစရှိသည့် အကြောင်းအရင်းများကြောင့် အဓိကဖြစ်သည်ဟု သိရသည်။
ကရင်နီပြည်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများကို အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိဖြင့်ပစ်ခတ်တိုက်ခိုက်နေခဲ့ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း၌ သေဆုံးသူ ၉ ဦးရှိ၍ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အာဏာသိမ်းကာလတစ်လျောက်လုံး ခုခံစစ်များဖြစ်ပွားနေသည့် ကရင်နီပြည်တွင် တိုက်ပွဲပေါင်း ၅၈၆ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၃၅ ဦးသေဆုံးခဲ့သည်ဟု PKPF က ဖော်ပြထားသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၉၇ ကြိမ်ပြုလုပ်ခဲ့ပြီး တိုက်ပွဲများအတွင်း၌ ကရင်နီတော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် ၂၂၄ ဦးကျဆုံးခဲ့သည်။
ပုံစာ–ပြီးခဲ့သောနှစ် အောက်တိုဘာလ၁၃ရက်တွင် လွိုင်ကော်အကျဥ်းထောင်၌ ကျဆုံးခဲ့သော မောင်ငယ် (၂၁ နှစ်)။