“မြို့ပေါ်က ဆန္ဒပြပွဲတွေတင်မဟုတ်ဘဲ တောတွင်းက လှုပ်ရှားမှုအခြေအနေတွေကို မှတ်တမ်းတင်ချင်တယ်။ ကျနော်တို့ တစ်ချိန် ဒီအကြောင်းတွေ ပြန်ပြောချိန်မှာ ဒီဓာတ်ပုံတွေ၊ ဒီအထောက်အထားတွေနဲ့ ပြန်ပြောနိုင်တဲ့အခြေအနေတစ်ခုကို ကျနော် သွားချင်တယ်’’ ဟု စစ်မြေပြင်တွင် သတင်းဓာတ်ပုံများ ရိုက်ကူးနေသည့် ဓာတ်ပုံသတင်းထောက် မျိုးဆက်လှသော်က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံသည် ခေတ်နောက်ပြန်ဆွဲကာ ကဏ္ဍအသီးသီးတွင် ယိုယွင်းသည့် အခြေအနေသို့ ပြန်ရောက်သွားသည်။ စစ်ကောင်စီအနေဖြင့်သူ့ကို ဆန့်ကျင်သူမှန်သမျှကို အကြမ်းဖက် နှိမ်နှင်းမှုများဖြင့် ဖြိုခွင်းခဲ့ပြီး ထိုအထဲတွင် မီဒီယာတိုက်များနှင့် မီဒီယာသမားများလည်း ပါဝင်သည်။
ကယားပြည်နယ်တွင် တွေ့ရသည့် KNDF တပ်ဖွဲ့ဝင်များ /မျိုးဆက်လှသော်
အာဏာသိမ်းအပြီး တစ်လအကြာ ၂၀၂၁၊ မတ်လတွင် ပြည်တွင်းမီဒီယာ ၅ ခုကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို မီဒီယာသမားများကိုလည်း ဖမ်းဆီးထောင်ချမှုများ ပြုလုပ်လာသည်။ ယင်းဖြစ်ရပ်များကြောင့် မီဒီယာသမားအများစုမှာ မီဒီယာအလုပ်များကို လွတ်လပ်စွာ မလုပ်နိုင်ကြတော့။ နေရာရွှေ့ပြောင်း လုပ်ကိုင်ရမှုများ၊ လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်ကာ အဝေးမှ သတင်းတင်ဆက်မှုများဖြင့်သာ သတင်းစီးဆင်းမှုကို အသက်ဆက်ပေးနိုင်ကြတော့သည်။ သို့ရာတွင် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းမှ စတင်ကာ ယနေ့အထိ သတင်းရှိရာနေရာများသို့ ကိုယ်တိုင်သွားရောက်ကာ သတင်းရယူနေသူများလည်း ရှိနေသည်။ ထိုသူများတွင်သတင်းဓာတ်ပုံသမား အများအပြား ပါဝင်သည်။
မျိုးဆက်လှသော်သည် လက်ရှိအချိန်တွင် ကယားပြည်နယ်၌ အခြေစိုက်ကာ မြေပြင်အခြေအနေများကို အများပြည်သူ တွေ့မြင်နိုင်ရန် သတင်းဓာတ်ပုံများ ရိုက်ကူးနေသူ ဖြစ်သည်။ ၂၀၁၆ တွင် ကင်မရာတစ်လုံး စတင်ဝယ်ယူကာ အပျော်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။ ထိုမှတဆင့် နောက်ပိုင်းတွင် ကျောင်းသားလှုပ်ရှားမှုများ၊ သပိတ်များကိုလိုက်လံမှတ်တမ်းတင်ကာ သတင်းဓာတ်ပုံများကို ဆက်လက် ရိုက်ကူးရန် ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။ သူသည် စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ပြည်သူ့ ဆန္ဒပြပွဲများကို ရန်ကုန်မြို့တွင်း နေရာအနှံ့ လှည့်လည် မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ပြည်သူများအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွင်းမှုများကိုလည်း အနီးကပ်မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်သည်။
Myanmar Now တွင် ဖော်ပြခဲ့သည့် ညီညီအောင်ထက်နိုင် မကျဆုံးမီပုံ / မျိုးဆက်လှသော်
“ရန်ကုန်မှာ ပထမဆုံး ကျည်အစစ်နဲ့ ဖြိုခွင်းခံရတော့ လှည်းတန်းမှာ ကျနော် ရှိတယ်။ ညီညီအောင်ထက်နိုင်ကိုသေနတ်နဲ့ ပစ်လိုက်တဲ့ မြင်ကွင်းက ကျနော် ပထမဆုံး ရိုက်ဖူးတဲ့ နွေဦးရဲဘော်တစ်ယောက် ကျဆုံးမှုပဲ။ အဲဒီနေ့ကကမာရွတ်ကျောင်းရှေ့မှာ သေနတ်နဲ့ စပစ်လို့ ကျနော် တိုက်ပေါ် ပြေးတက်သွားပြီး ပြန်ငုံ့ကြည့်တဲ့ အချိန်မှာပဲ လူတစ်ယောက် လဲကျသွားတာ မြင်လိုက်တယ်။ အဲဒါ ညီညီအောင်ထက်နိုင်ပဲ။ ဒါကတော့ ကျနော့်ဘ၀မှာ တော်တော်မှတ်မှတ်ရရရှိတဲ့ ကိစ္စပဲ” ဟု သူက ပြန်ပြောင်း ပြောသည်။
၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်မှ အာဏာသိမ်းပြီးချိန်မှစကာ ကင်မရာလွယ်လျက် မြို့ပတ် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေသည့် ဓာတ်ပုံသတင်းထောက်များမှာ အသက်အန္တရာယ်နှင့် အနီးကပ်ဆုံးတွင် လိုက်တမ်း ပြေးတမ်း ကစားနေရသူများ ဖြစ်ခဲ့သည်။ အာဏာသိမ်းစ အစောပိုင်းရက်များအတွင်း ခေတ်ပြောင်း စနစ်ပြောင်းမှုနှင့်စစ်အာဏာရှင်လက်အောက်မှ ပြောင်းလဲသွားသည့် မြို့ပြ အသွေးအရောင်များကို သမိုင်းမှတ်တမ်းတင်ရသည်မှာမလွယ်ကူလှ။ ထရပ်ကားများနှင့် မြို့ပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရန်ကို ထိတ်လန့်ရသလိုဓာတ်ပုံရိုက်သည်ကို စစ်ကောင်စီသတင်းပေးဟု ယူဆကာ ပြည်သူများ၏ သံသယမျက်လုံးများနှင့် ကြည့်သည့်ဒဏ်ကိုလည်း ခံရသည်။ ဒီမိုကရေစီခေတ်တွင် ကင်မရာကို လွတ်လပ်စွာ လွယ်လျက် ဓာတ်ပုံမှတ်တမ်း ရယူနိုင်ခဲ့သည့်အခြေအနေမှ ကင်မရာကြောင့် ဖမ်းဆီးနှိပ်စက်ခံရနိုင်သကဲ့သို့ စစ်ကောင်စီသတင်းပေးဟု ယူဆကာ ရန်ရှာခံရနိုင်သည့် အခြေအနေသို့ တမုဟုတ်ချင်း ပြောင်းလဲသွားသဖြင့် အပြောင်းအလဲများကြားတွင် ခက်ခက်ခဲခဲ သမိုင်းကို မှတ်တမ်းတင်ခဲ့ရခြင်းပင်။
အညာဒေသတစ်နေရာတွင် တွေ့ရသော ဓာတ်ပုံသတင်းထောက် မျိုးထက်လှသော်
“ဓာတ်ပုံတွေက အရမ်း အရေးကြီးတဲ့ မှတ်တမ်းတွေပါ။ ဒီကာလမှာ လူတိုင်း ပုံတွေ ရိုက်လို့ ရပေမယ့် ဒီပုံတွေကိုဘယ်လို ထိထိရောက်ရောက် အသုံးချရမလဲဆိုတဲ့နေရာမှာတော့ ကွာတာပေါ့နော်။ ကျနော်တို့ ရိုက်ထားတာတွေကျတော့ နိုင်ငံတကာထိ ရောက်အောင် ပို့တယ်။ ပြည်ပ သတင်းဌာနတွေမှာ ဖော်ပြတဲ့အခါကျတော့ နိုင်ငံတကာကလည်း မြေပြင်မှာ ဒီလိုတွေ ဖြစ်နေပါလားဆိုတာ သိသွားပြီး အများကြီး အကျိုးသက်ရောက်မှုတွေ ဖြစ်သွားတယ်ပေါ့နော်” ဟု မျိုးဆက်လှသော်၏ ညီ မျိုးထက်လှသော်က ဆိုသည်။
သမိုင်းအချိုးအကွေ့တစ်ခုကို မှတ်တမ်းတင်ရာတွင် ဓာတ်ပုံများ၏ အခန်းကဏ္ဍက အရေးပါလှသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်း စစ်တပ်၏ ဖြိုခွင်းမှုကြောင့် အသက်ပေးခဲ့ရသည့် မဝင်းမော်ဦး ကျဆုံးမှု ဓာတ်ပုံသည် ဆယ်စုနှစ် ၃ ခုကျော်တိုင် သွေးမတိတ်သေးသည့် အတိတ်သမိုင်းကို လတ်လတ်ဆတ်ဆတ် ပြန်အမှတ်ရစေသည်။ ထို့အတူ ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်အရေးအခင်းတွင်လည်း ထိုစဉ်က စစ်ကောင်စီတပ်သားများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဓာတ်ပုံများက ယနေ့တိုင် အရင်းအတိုင်း တင်ပြပေးနေနိုင်ဆဲဖြစ်သည်။ ရန်ကုန်မြို့ ဆူးလေလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ရုပ်သံမှတ်တမ်း ယူနေသည့် ဂျပန်သတင်းထောက် ကျန်ဂျိနာဂအိကို စစ်သားတစ်ဦးက ပစ်ခတ်လိုက်သဖြင့် လဲကျသေဆုံးသွားသည့် သတင်းဓာတ်ပုံမှာလည်း အာဏာရှင်စနစ်၏ ဆိုးရွားမှုကို တစ်ပုံတည်းနှင့် အတိအကျ ဖော်ပြနိုင်ခဲ့သည်။ ထိုဓာတ်ပုံမှာလည်း၂၀၀၇ ခုအတွက် ပူလစ်ဇာဆုရရှိခဲ့ကာ မြန်မာစစ်တပ်၏ လုပ်ရပ်ကို ကမ္ဘာက သိစေသည့် နာမည်ကျော်ပုံဖြစ်ခဲ့သည်။
မျိုးထက်လှသော်မှာ အာဏာသိမ်းပြီးနောက်ပိုင်း KNU ထိန်းချုပ်နယ်မြေ၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းမြောက်၊ ကချင်ဒေသစသည့် နိုင်ငံတနှံတလျား ခရီးဆန့်ကာ စစ်မြေပြင်သတင်းထောက်အဖြစ် သတင်းဓာတ်ပုံများ ရိုက်ကူးနေသူဖြစ်သည်။ မျိုးထက်လှသော်နှင့် မျိုးဆက်လှသော်မှာ အမွှာညီအစ်ကိုများဖြစ်ကာ အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းရှေ့တန်းစစ်မျက်နှာပြင်တွင် သတင်းဓာတ်ပုံများ လှည့်လည် ရိုက်ကူးနေကြသူများ ဖြစ်သည်။ ရောက်ရှိခဲ့သည့်နေရာအားလုံးမှာ ရှေ့တန်းစစ်မြေပြင်ဖြစ်သည့်အတွက် အိပ်သည့် အချိန်မျိုးတွင်ပင် အမြဲအသင့်အနေအထားအိပ်ရသည့် အခြေအနေများက တကယ်တော့ မလွယ်ကူလှ။
ပြည်သူများကို သတင်းဓာတ်ပုံများ တင်ဆက်ရင်း မြေပြင်တွင် အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သည်ကို သိသော်လည်း တော်လှန်ရေးကာလတစ်လျှောက် စစ်မြေပြင်တွင် သတင်းဓာတ်ပုံများ ဆက်လက်ရိုက်ကူးရန် သူတို့ဆုံးဖြတ်ထားသည်။ လက်နက်ကြီးကျည်ဆန်များ၊ လေယာဉ်နှင့် ပစ်ခတ်နေမှုများကြား အသက်ကို ဖက်နှင့်ထုတ်ထားရသည့် ဓာတ်ပုံသတင်းထောက်တစ်ယောက်အနေဖြင့် စစ်ကောင်စီတပ်သားများနှင့် အနီးဆုံးနေရာသို့ရောက်သွားရသော အန္တရာယ်များလှသည့် အခြေအနေများနှင့်လည်း သူတို့ ကြုံခဲ့ရသည်။
“မြေပြင်မှာတော့ ကျည်ဆန်တွေ ပလူပျံနေတာပဲ။ တစ်ခါတလေ စစ်ကောင်စီဘက်က လူတွေနဲ့ တော်တော် နီးနီးရောက်သွားတာတွေလည်း ရှိတယ်။ အစပိုင်းမှာတော့ ထိတ်လန့်တာမျိုး ဖြစ်တာပေါ့။ နောက်တော့ ကြောက်စိတ်ကိုတတ်နိုင်သလောက် ဖျောက်ထားလိုက်တော့တယ်။ သေလည်း သေကွာဆိုပြီး တွေးတာမျိုးတွေလည်း ရှိတယ်။တခြားတစ်ဖက်မှာလည်း ကျနော် မရိုက်ရသေးတဲ့ နေရာသစ်တွေ၊ စစ်မြေပြင်တွေမှာ သတင်းဓာတ်ပုံတွေ သွားရိုက်ချင်တဲ့ ဆန္ဒ ရှိနေသေးတယ်” ဟု ကြုံတွေ့ခဲ့ရသည်များကို မျိုးထက်ပိုင်က ပြန်ပြောပြသည်။
အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီမှ သတင်းမီဒီယာတိုက်များအပေါ် ဖိနှိပ်မှုမှာ ဖြတ်သန်းခဲ့ဖူးသမျှခေတ်များအတွင်း အဆိုးရွားဆုံးဟုပင် ဆိုနိုင်ကြောင်း အမည်မဖော်လိုသည့် သတင်းစာဆရာ တစ်ဦးက ဆိုသည်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ ၂၀၂၃ ဇန်နဝါရီလကုန်အထိ စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံထားရသည့် သတင်းသမား ၁၃၀ ကျော် ရှိကာ မလွတ်မြောက်သေးသူ ၇၂ ဦးအထိ ရှိပြီး သေဆုံးသူ ၄ ဦး ရှိသည်။ ထိုထဲတွင် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်လည်း ပါဝင်သည်။
အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်ကို ဓာတ်ပုံမှတ်တမ်းရိုက်ကူးရင်း ဖမ်းဆီးခံရကာ စစ်ကြောရေးတွင် အသက်ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။ ရန်ကုန်မြို့ လမ်းမများပေါ်တွင် လူသူကင်းမဲ့နေချိန် ပြည်သူလူထုက အင်အားအပြည့်ဖြင့် စစ်ကောင်စီကို ဆန့်ကျင်လျက် လူထုသပိတ်တွင် ပူးပေါင်းပါဝင်နေကြောင်း တင်ပြနိုင်ရန် မြေပြင်တွင် သွားရောက်သတင်းယူရင်းသတင်းဓာတ်ပုံအတွက် အသက်ကို ရင်းခဲ့သူ ဖြစ်သည်။ ထိုနေ့က အသံတိတ်သပိတ်ဓာတ်ပုံများမှာလည်း ကမ္ဘာ့မီဒီယာအသီးသီးတွင် ဝေဝေဆာဆာ ဖော်ပြခံခဲ့ရသည်။
စစ်ကောင်စီ စစ်ကြောရေးတွင် အသက်ဆုံးရှုံးခဲ့သည့် ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်
နှုတ်တစ်ရာ စာတစ်လုံးနည်းတူ သတင်းဓာတ်ပုံများမှာလည်း တစ်ပုံတည်းနှင့် အဖြစ်အပျက်များကိုကွက်ကွက်ကွင်းကွင်း မြင်သာအောင် ဖော်ပြနိုင်သည့် အရာများ ဖြစ်သည်။ လူအများစု ရောက်ရှိရန် လက်လှမ်းမမီနိုင်သည့် နေရာများမှ ပြည်သူများ၏ ဘ၀များ၊ လှုပ်ရှားရုန်းကန်နေရမှုများ၊ စိတ်ခံစားချက်များကို ထိုပုံများမှတဆင့် ယင်းနေရာ ရောက်သွားသကဲ့သို့ ကြည့်ရှူသူကို ခေါ်ဆောင်သွားနိုင်သည်မှာ သတင်းဓာတ်ပုံများသာဖြစ်သည်။အဆိုပါ ဓာတ်ပုံများမှာ လူမသိ သူမသိ တိမ်မြုပ်နေသည့် အမှန်တရားများကို ပြည်သူထံ အရင်းအတိုင်းသယ်ဆောင်ပေးနိုင်သည့် ယာဉ်ရထားများလည်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဝါရင့်ဓာတ်ပုံသတင်းထောက်တစ်ဦးက ဆိုသည်။
“သတင်းဓာတ်ပုံဆိုတာ သမိုင်းကို လူတွေ မမေ့အောင် လုပ်ပေးနိုင်တဲ့ အရာတွေထဲက တစ်ခုလို့ ပြောနိုင်တယ်။သမိုင်းဖြစ်စဉ်တွေကြားက အခြေအနေတွေကို စာနဲ့ အများကြီး သိုင်းဝိုင်းရေးပြနေစရာမလိုဘဲ ဓာတ်ပုံ တစ်ပုံတည်းနဲ့ အားလုံးနားလည်သွားအောင် တင်ပြနိုင်တယ်။ တစ်ကမ္ဘာလုံးမှာလည်း သမိုင်းအချိုးအကွေ့ဖြစ်စေခဲ့တဲ့သတင်းဓာတ်ပုံကောင်းတွေ အများကြီး ရှိခဲ့တာပဲ။ ဥပမာ ၁၉၇၂ ခုနှစ်က ဗီယက်နမ်မှာ ရိုက်ခဲ့တဲ့ The Terror Of War ဆိုတဲ့ ဓာတ်ပုံမျိုးပေါ့”
ဗီယက်နမ်နိုင်ငံကို အမေရိကန်က ဝင်ရောက်တိုက်ခိုက်စဉ်အတွင်း ပေါ်ထွက်လာခဲ့သည့် ဗုံးဒဏ်ကြောင့် မီးလောင်ဒဏ်ရာများနှင့် အဝတ်ဗလာကျင်းလျက် ပြေးလွှားနေရသည့် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ဓာတ်ပုံမှာ တစ်ကမ္ဘာလုံးရှိ ပြည်သူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုသတင်းဓာတ်ပုံမှာ ဗီယက်နမ်စစ်ပွဲကိုအဆုံးသတ်ရန် အရေးပါသည့် တွန်းအား တစ်ရပ်လည်း ဖြစ်စေခဲ့သည်။ ယင်းဓာတ်ပုံမှာ ယခုဆိုလျှင်သက်တမ်း၅၁ နှစ်ရှိပြီဖြစ်သော်လည်း ယနေ့တိုင် ဗီယက်နမ်စစ်ပွဲ၏ ကြမ်းတမ်းမှုများကို အကောင်းဆုံး မီးမောင်းထိုးပြနေနိုင်ဆဲ သက်ရှိမှတ်တမ်းတစ်ခုအဖြစ် ရှိနေသည်။
Napalm Girl ဟု ကမ္ဘာကျော်ခဲ့သည့် ဓာတ်ပုံ/ Nick Ut/AP
“ကျနော် ရောက်နေတဲ့နေရာက စစ်တပ်က အချိန်မရွေး လာပစ်နိုင်တဲ့ နေရာတွေချည်းပဲ။ အစိုးရိမ်ရဆုံးကတော့လေယာဉ်နဲ့ လက်နက်ကြီးပဲ။ ဒါပေမယ့် နေ့စဉ်နီးပါးမြင်တွေ့နေရတဲ့ စစ်ပွဲတွေထဲမှာ စိတ်ကြည်နူးစရာတွေလည်း ရှိတယ်။ ရဲဘော်တွေရဲ့ တစ်ဦးချင်း ချစ်ခင်မှုတွေနဲ့ အပြန်အလှန် လေးစားမှုတွေ၊ သူတို့ရဲ့ နေ့စဉ်ဘ၀ဖြတ်သန်းမှုတွေထဲမှာပေါ့။ စစ်ပွဲထဲမှာ ပျော်ရွှင်စရာတွေလည်း ရှိတယ်၊ ဝမ်းနည်းစရာတွေ ကြောက်ရွံ့စရာတွေလည်း ရှိတယ်။ဒါတွေကို မှတ်တမ်းတင်ရတယ်” ဟု ကယားပြည်နယ် ရှေ့တန်းတစ်နေရာတွင် ရောက်နေသည့် အကိုဖြစ်သူမျိုးဆက်လှသော်က ဆိုသည်။
၎င်းတို့ ညီအစ်ကို နှစ်ဦးမှာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအနှံ့ ခြေဆန့်လျက် သတင်းဓာတ်ပုံများကို ရိုက်ကူးနေဆဲပင်။ သူတို့ လက်ရာများကိုလည်း ပြည်တွင်း ပြည်ပ မီဒီယာများထံ ပေးပို့ကာ မြေပြင်အခြေအနေများကို ပြည်သူများထံ အရောက်ပို့ပေးနေကြဆဲပင်။ အခြားတစ်ဖက်တွင်လည်း အသက်အန္တရာယ်နှင့် ကြုံတွေ့လာရသည့်အခါ ရိုက်ကူးထားသမျှ ဓာတ်ပုံများ ပျောက်ကွယ်မသွားစေရန် ယင်းမှတ်တမ်းများကို ပို့ပေးရမည့် လိပ်စာများကိုလည်း တိုက်ပွဲဝင် ရဲဘော်များထံ ကြိုတင်ပေးထားကြသူများ ဖြစ်သည်။
သတင်းဖြစ်ရာ နေရာများသို့ အချိန်နှင့်တစ်ပြေးညီ အရောက်သွားနေကြသည့် သူတို့ ဘ၀များကတော့ ထင်သလောက် မချောမွေ့လှ။ မည်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမှ ကိုယ်စားပြု သွားရောက်ခြင်းမဟုတ်သည့်အတွက် နေရာအနှံ့လှည့်လည် ရိုက်ကူးရေးလုပ်နေရသည့်အချိန်တွင် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသည်က များသည်။
ကယားပြည်နယ်တစ်နေရာတွင် ကျဆုံးသွားသည့်ရဲဘော်တစ်ဦး / မျိုးဆက်လှသော်
စစ်ကြောင်းထိုး စစ်တပ်နှင့် ထိပ်တိုက်တိုးသဖြင့် ပြေးရသည်များ၊ တိုက်ပွဲအတွင်း ပြေးလွှားရင်း ပျူစောထီးများနေသည့် ရွာအတွင်း လမ်းမှား ပြေးမိသည်များ၊ ဓာတ်ပုံရိုက်ရင်း အနီးသို့ လက်နက်ကြီးကျည် ကျသည်များ စသည့်အသက်အန္တရာယ်များနှင့်လည်း ကြုံကြရသည်။
သို့သော် အာဏာရှင်ယန္တယား ပြုတ်ကျသွားစေရန် နိုင်ငံအနှံ့မှ ပြည်သူများက အသက်စွန့်ကာ အားသွန်ခွန်စိုက်တော်လှန်နေပုံများကို မျိုးဆက်သစ်များ မြင်တွေ့နိုင်စေရန် မှတ်တမ်းကောင်းများ ရှိကို ရှိရမည်ဟု သူတို့ခံယူသည်။ ထိုအဖြစ်အပျက်များကို ပြန်လည် ဖော်ပြလိုသည့် စိတ်ခွန်အားမျိုးဖြင့်သာ ရှေ့ဆက်နေခြင်းဖြစ်သည်။တိုက်ပွဲအတွင်း ကြုံတွေ့ရသည့် အနိဌာရုံများ၊ ရခဲ့သည့် စိတ်ဒဏ်ရာများကြောင့် စိတ်ပိုင်းဆိုင်ရာဆရာဝန်နှင့် ကုသနေရသည်များ ရှိနေသော်လည်း သမိုင်းအချိုးအကွေ့ကို ဆက်လက် မှတ်တမ်းတင်နေဦးမည်ဟုမျိုးထက်လှသော်က ဆိုသည်။
“ဒီလမ်းကို ရွေးခဲ့လို့ နောင်တရတာမျိုး လုံး၀ မရှိဘူး။ အဲဒီဒေသတွေမှာ ထူးခြားနေတယ်၊ သတင်းဖြစ်နေတယ်ဆိုရင် သတင်းဓာတ်ပုံတွေ ရိုက်ကူးဖို့ ကျနော် အဲဒီနေရာကို အရောက်သွားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့ပဲ ရှေ့ဆက်သွားနေတယ်” ဟု သူက သံန္နိဌာန်စကား ဆိုသည်။
Brian ရေးသားသည်။