ရေစကြိုမြို့နယ်အတွင်းရှိ ဂွက်ကြီးရွာမှ ပျူစောထီးခေါင်းဆောင်ငါးဦးကို ညတိုက်ပွဲဖော်ဆောင်ပြီး သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။
အလယ်သောင်ကျေးရွာအုပ်စုရှိ ဂွက်ကြီးရွာသည် ပျူစောထီးတပ်ဖွဲ့များ စခန်းချနေသည့်ရွာတစ်ခုဖြစ်ပြီး ပျူခေါင်းဆောင်များက ယခုလကုန်ပိုင်းတွင် စစ်ကောင်စီတပ်များ လာရောက်စခန်းချရန် အကူအညီတောင်းထားသည်ကို ကြားသိရသောကြောင့် ယခုလ ဖေဖော်ဝါရီ ၂၅ရက်ညတွင် သွားရောက်သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု Myingyan Black Tiger(MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်ခက်ကို ပြောသည်။
“ရွာကို လကုန်မှာ စစ်သားတွေအထိုင်ချမယ်လို့စာကျလာတယ်။ ပြည်သူတစ်ယောက်က ၂၅ရက်ညနေမှာ သတင်းလာပေးတယ် ။ ညတွင်းချင်းပဲသွားရောက်ရှင်းလင်းခဲ့တာပါ“ဟု ၎င်းကဆိုသည်။
ညသန်းခေါင်ဝန်းကျင်တွင် ရွာထဲသို့ဝင်ရောက်ပြီး ပျူစောထီးခေါင်းဆောင်ငါးဦးကို သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ရွာထဲသို့ ဝင်ရောက်ပစ်ခတ်နေချိန်တွင် အနီးအနားရှိ ဆင်မရဲပျူစခန်းမှ ၆၀မမဖြင့် ပစ်ခတ်နေသောကြောင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလျင်အမြန်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။
ရေစကြိုမြို့နယ်အတွင်းရှိ ပျူစောထီးရွာများကို ကာကွယ်ရေးတပ်ဖွဲ့များက ဆက်တိုက်တိုက်ခိုက်နေပြီး ဂွက်ကြီးရွာရှိ ပျူစောထီးများသည် လုံခြုံရေးအခြေအနေကြောင့် ယခုလို စစ်ကောင်စီတပ်စခန်းချရန် အကူအညီတောင်းခံနေရခြင်းဖြစ်သည်ဟု ဗိုလ်မိုက်ခဲက ပြောသည်။
“ကျွန်တော်တို့အနေနဲ့ ရေစကြိုမြို့နယ်တော်တော် များများကို နယ်မြေစိုးမိုးထားတယ် မြို့ပေါ်ကိုတောင်တက်တိုက်နိုင်နေပြီ“ဟု ၎င်းကဆိုသည်။
Myingyan Black Tiger (MBT)အဖွဲ့သည် မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်၊ မုံရွာနှင့် ရေစကြိုမြို့နယ်တို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိနေသည်ဟု သိရသည်။