ပအိုဝ်းအမျိုးသားတပ်မတော်(PNA)နှင့်စစ်ကောင်စီတပ်တို့ ပူးပေါင်းစစ်ကြောင်အား ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်တစ်နေရာတွင် တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ၂၇ရက်၊မွန်းလွဲ၂နာရီအချိန်ခန့်တွင် KA၊ KNDFနှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ် နှင့်ပအိုဝ်းအမျိုးသားတပ်မတော်(PNA)တို့ပူးပေါင်းစစ်ကြောင်းကို ဖယ်ခုံမြို့နယ် တစ်နေရာတွင်တိုက်ခိုက်ခဲ့သည်။
အဆိုပါထိတွေ့ဆုံတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်မှ ၉ဦးသေဆုံး၍ ဒဏ်ရာရသူတချို့ရှိခဲ့သည်။ ထို့ပြင် M.16 (၃)လက်၊ AK(၁)လက်၊ 9MM(၄)လက်နှင့် ကျည်များကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းဆည်းရမိခဲ့သည်။
ထိုတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်သည်(၁)ဦးကျဆုံး၊ ဒဏ်ရာအချို့ရရှိခဲ့ကြောင်း KA တပ်မှူးတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်ဟု ကရင်နီတပ်မတော် သတင်းပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။
ဖေဖော်ဝါရီလ၂၆ရက်တွင်လည်း ဖရူဆိုမြို့နယ်၊ အမှတ်(၁၄)တန်းမြှင့်လေ့ကျင့်ရေးကျောင်း ရှိ စစ်ကောင်စီတပ်အသုံးပြုနေလျက်ရှိသော သောက်သုံးရေပိုက်များကို တော်လှန်ရေးအင်အားစုတို့မှ ဖျက်စီးဖြတ်တောက်မှု ပြုခဲ့ရာရေပိုက်များ ကြည့်ရှုစစ်ဆေးရန်နှင့် ပြင်ဆင်ရန် ထွက်လာသောစစ်ကောင်စီတပ်ဖွဲ့ အား လောဂျာကျေးရွာအနီးအရောက်တွင် KA နှင့် KNDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှု ပြုခဲ့သည်။
ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံးဝပြန်လည်ပစ်ခတ်ခြင်းမပြုဘဲ အမှတ်(၁၄) လက်နက်ကြီးများဖြင့်သာ အဆက်မပြတ် ပြန်လည်ပစ်ကူမှု ပြုပေးသဖြင့် ပူးပေါင်းတပ်ဖွဲ့များပြန်လည် ဆုတ်ခွာစဉ် KNDF တပ်ရင်း(၁၅) မှစစ်သည် ၁ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီလ၂၅ရက်တွင်လည်း အမှတ်(၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းမှ ထွက်လာသောစစ်ကောင်စီတပ်ကို KA၊ KRG.Force နှင့် KNDF ပူးပေါင်းတပ်တို့မှ စတင်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတချို့ရှိခဲ့သည်။