ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေသော စစ်ရှောင်များနှင့် CDM ဝန်ထမ်း မိသားစုများအား ထိုင်းရောက်မြန်မာအလုပ် သမားများက စုပေါင်းကူညီထောက်ပံ့ပေးခဲ့သည်ဟုသိရသည်။
အဆိုပါလှူဒါန်းမှုကို ကိုရဲမင်း(AAC) မဟာမိတ်အဖွဲ့မှ ဦးဆောင်၍ “နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်“မှကော်မတီဝင်များနှင့်အနုပညာရှင်တချို့တို့ပူးပေါင်းပြီး နေရာသုံးနေရာခွဲ၍ လှူဒါန်းထောက်ပံ့ခဲ့သည်ဟု သိရသည်။
ယခုလ ဖေဖော်ဝါရီ ၂၅ရက်တွင် ကရင်ပြည်နယ် အစွန်အဖျား နယ်စပ်ဒေသများတွင် တိုက်ပွဲဖြစ်ပွားနေသောနေရာများမှ ဒေသခံကရင် စစ်ဘေးရှောင်များနှင့် KNU အုပ်ချုပ်နယ်မြေများတွင် ခိုလှုံနေသော ရဲ၊ကျန်းမာရေး၊ပညာရေးCDM ဝန်ထမ်းမိသားစုများအား သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“အဓိကကတော့ စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေကို သွားရောက်လှူဒါန်းတာဖြစ်တယ်။ စစ်ရှောင်အတော်များများက နေစရာအခက်ခဲတွေရှိနေကြတယ်။ ဖြစ်သလိုနေနေကြရတော့ သူတို့မှာ စောင်တွေ ၊ခြင်ထောင်တွေမရှိဘူး။စားသောက်ဖို့လဲ အခက်ခဲတွေဖြစ်နေတော့ သူတို့တွေကို တတ်နိုင်သလောက်ကူညီထောက်ပံ့ပေးတာပါ” ဟု ကိုရဲမင်း(AAC)မဟာမိတ်အဖွဲ့ဦးဆောင်သူက သံလွင်ခက်ကိုပြောသည်။
ထိုင်းရောက်မြန်မာအလုပ်သမားများ၏ ကူညီပေးမှုဖြင့် ဆန်၊ဆီ၊ခေါက်ဆွဲ၊ ငါးသေတ္တာ၊ ဆေးဝါးများ၊စောင်၊ခြင်ထောင် နှင့် ရိက္ခာပစ္စည်းများ စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ တစ်သိန်းကျော်ဖိုးရှိ ပစ္စည်းများကို လှူဒါန်းခြင်းဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ် တပ်မဟာ(၅)၊တပ်မဟာ(၆)နှင့် ထိစပ်တဲ့နေရာများတွင် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီးဒေသခံအများအပြားမှာ KNU ထိန်းချုပ်နယ်မြေရှိ စာသင်ကျောင်းအဟောင်းများ၊နီးစပ်ရာ ဆွေမျိုးများအိမ်တွင်ခိုလှုံလျက်ရှိပြီး အခက်ခဲများလည်း ရှိနေသည်ဟု စစ်ဘေးရှောင် ကူညီသူတစ်ဦးကပြောသည်။
“စစ်ရှောင်တွေက လူကြီးတွေ စီစဉ်ပေးထားတဲ့ ကျောင်းတွေ၊အိမ်တွေမှာ နေနေကြရတယ်။သူတို့နေရာ သူတို့ဒေသမဟုတ်တော့ အလုပ်တွေလဲမရှိကြဘူးလေ။ လှူဒါန်းသူတွေရှိတော့မှပဲ သူတို့လဲ အဆင်ပြေမယ်” ဟု ၎င်းကပြောသည်။
တော်လှန်ရေးနှင့်အတူ နောက်ဆက်တွဲဖြစ်ပေါ်လာသောတိုက်ပွဲများမှ အသက်ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်လာရသောစစ်ဘေးရှောင်များနှင့် CDM ဝန်ထမ်းများ၏ အခက်ခဲများကိုလည်း ကူညီပေးသွားရန်လိုအပ်သည်ဟု ကိုရဲမင်း(AAC)မဟာမိတ်အဖွဲ့ဦးဆောင်သူက ပြောသည်။
အာဏာသိမ်းကာလ ၂နှစ်အတွင်း KNU ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်မြေအတွင်း တိုက်ပွဲပေါင်း(၈၀၃၈) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ၏ လူ့အခွင့်အ ရေးချိုးဖောက်မှုများကြောင့် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသူ လေးသိန်းနီးပါးရှိလာပြီဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။