စစ်ကောင်စီတပ်၏ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် နှင့် မိုးဗြဲ၊ဖယ်ခုံ အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ စစ်ဘေးရှောင် အမျိုးသမီး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် စစ်ကောင်စီတပ် ၁၀၂၊ ၄၂၇ တပ်ရင်းများကပစ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် စစ်ရှောင်ပြည်သူများနေထိုင်သည့် နေအိမ်တစ်လုံးကို ထိမှန်ခဲ့သည်။
နေအိမ်ထိမှန်မှုအတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ရင်းများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းတွင် ဒီးမော့ဆိုအရှေ့ခြမ်းနေရာများကိုလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ည ၇ နာရီ ၄၅ မိနစ်တွင် ဒီးမော့ဆို အနောက်ခြမ်းနေရာများကို လက်နက်ကြီးများဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်။
စစ်ရှောင်မိသားစုဝင် ၅ ဦးနေထိုင်သည့် နေအိမ်တစ်လုံးကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်သတင်းဌာကို ထပ်မံအတည်ပြုသည်။
၎င်းက ” မနေ့က မနက်ပိုင်းမှာ ဒီးမော့ဆို အရှေ့ဘက်ကမ်းမှာ လက်နက်ကြီးနဲ့ ပစ်တယ် ထိခိုက်ဒဏ်ရာရတဲ့သတင်းပဲ ကြားရတယ်။ ဘယ်နှစ်ဦးဘယ်နှစ်ယောက်လဲမသိရဘူး။ နောက်ပြီး ညပိုင်း အနောက်ဘက်ခြမ်းကို ပစ်တာတော့ များတယ်။ အဲ့မှာ စစ်ရှောင် မိသားစုဝင် ၅ ဦးနေထိုင်တဲ့အိမ် တည့်တည့်သွားထိတာ ” ဟုဆိုသည်။
လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး သေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသားဖြစ်သူနှင့် ညီမဖြစ်သူလည်း ပြင်းထန်ဒဏ်ရာရှိခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
ထို့အပြင် အသက် ၇၀ အရွယ်ရှိ သေဆုံးသူ အမျိုးသမီး၏ မိခင်သည်လည်း လက်နက်ကြီးသံကြောင့် နှလုံးရောဂါခံစားနေရသည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ထုတ်ပြန်ထားသည်။
လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးတွင် ၂လ ကျော် သားတစ်ဦး ကျန်ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့အတူ ဖေဖော်ဝါရီ ၂၇ရက် ညနေ ၉ အချိန်တွင် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်များသည် မိုးဗြဲ၊ ဖယ်ခုံအနောက်ဘက်ခြမ်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
မိုးဗြဲ၊ ဖယ်ခုံ အနောက်ဘက်ခြမ်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက်အသက် (၂၇) အမျိုးသားတစ်ဦးနှင့်အသက် (၄၇ ) ဝန်းကျင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ကရင်နီ (ကယား) ပြည်နယ်တွင် ၂၀၂၁ခုနှစ်၊ ဖေဖာဝါရီလ ( ၁ )ရက်နေ့မှ ၂၀၂၃ခုနှစ် ဇန်နာဝါရီလ( ၃၁ )ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သား ပြည်သူ ( ၃၀၂ ) ဦး နှင့် စစ်ဘေးရှောင်နေစဉ် သေဆုံးခဲ့သည့် ပြည်သူ ( ၁၂၈ ) ဦးရှိသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။