ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်က စစ်ကောင်စီတပ် လေကြောင်းပစ်မှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာသို့ ပျံဝဲပြီး ရွှေမော် တော်များရှိရာသို့ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ရွှေမော်တော်ရဲ့နောက်မှာ မိသားစု လေးယောက်ရွှေမျောသွားလောင်းနေတာ။ အဖေကတော့ ထိမသွားဘူး။နှစ်ယောက်က သေသွားတယ်” ဟု၄င်းကပြောသည်။
သေဆုံးသူသည် အသက် ၂၀ အရွယ်နှင့် ၃၀ အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး စစ်ကောင်စီ လေကြောင်းပစ်မှုကြောင့် လည်ပင်း၊ ဗိုက်၊ ရင်ဘတ်၊ ဆီးစပ်နှင့် နားထင် ကိုထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုလေကြောင်းတိုက်မှုကြောင့် သေဆုံးသွားသည့် အမျိုးသားနှစ်ဦး၏ မိခင်နှင့်ရွှေမျောလုပ်နေကြသော သင်္ဘောအင်းကျေးရွာက အမျိုသမီးသုံးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဒဏ်ရာရရှိသူများ ရွှေကူဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ကူညီနေသည့်ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ကချင်ပြည်နယ် ရွှေကူမြို့နယ်ကို မကြာခဏ လေကြောင်းပစ်မှု ပြုလုပ်လျှက်ရှိရာ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေရသည်။
ယခုနှစ် ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ကလည်း နှစ်ရက်ဆက်တိုက် လေကြောင်းပစ်မှု ပြုလုပ်ခဲ့သည်။