နှစ်လအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး
***********************************************
သံလွင်ခက်။
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃။
ချင်းပြည်နယ်၊ ထန်တလန်မြို့ ရက်ပေါင်း ( ၆၀ ) တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့သည်ဟု Chinland defense Force-Thantlang ကထုတ်ပြန်သည်။
Tilim Operation အဖြစ် Chinland defense Force-Thantlang နှင့် Chin National Army တို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ၂၉ ရက် ည ၁၁နာရီမှ စတင်ကာ ရက်ပေါင်း ( ၆၀ ) အတွင်း စစ်ဆင်လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများနေရာယူထားသည့် ရဲစခန်းအတွင်းရှိ နေအိမ် ၅လုံးကို ဖျက်ဆီးခဲ့သလို ဇန်နဝါရီ ၂ ရက်တွင်လည်း နေအိမ် ၂လုံးကို ထပ်မံဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ဖေဖော်ဝါရီ ၁ ရက်၊ ၈ ရက် ၊ ၉ ရက်နေ့များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ နေရာယူထားသာည့် CB Bankနှင့် ထန်တလန်မြို့ ရဲစခန်း နေရာများကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းမိခဲ့ပြီး လက်နက် ၅၀ နီးပါး သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ဇန်နဝါရီလ ၂၉ ရက်နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့များတွင် ထောက်ပို့လာသည့် စစ်ကောင်စီ လေကြောင်းသုံးရဟတ်ယာဉ် MI – 17 ၏ အစိတ်အပိုင်းအချို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
Tilim Operation စပြီး ရက်ပေါင်း ၆၀အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးခဲ့ကာ ၂၅ ဦးဒဏ်ရာရရှိခဲ့ပြီး Chinland defense Force-Thantlangမှ ရဲဘော် ၄ ဦးနှင့် Chin National Armyမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် အကြိမ်ပေါင်း ၉၅ ကြိမ်ကျော်ပစ်ခဲ့သည်ဟု ဆိုသည်။
လတ်တလောတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိထားသွားလာရန် ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။
ပုံစာ – ထိန်းသိမ်းခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြင်ကွင်း