စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးကျေးရွာရှိ နေအိမ်များနှင့် ယက်ကန်းစင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ရွှေဘိုမြို့ဘက်မှ ထွက်ခွာလာသည့် အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၀ရက်မနက်ပိုင်းတွင် ထူးကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့သည်။
ထို့နောက် ညနေ ၃ နာရီမှစတင်ကာ နောက်ရက်အထိ ထူးကြီးကျေးရွာအတွင်းရှိ နေအိမ်များနှင့် စက်ယက်ကန်း၊လက်ယက်ကန်းစင်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က သံလွင်ခက်ကို ပြောသည်။
၎င်းက ” ထူးကြီးကျေးရွာ တောင်ရွာကော မြောက်ရွာကော ရှို့သွားတာ။ နေအိမ်တွေအပြင် စက်ယက်ကန်းအလုပ်ရုံတွေကော တစ်နိုင်တစ်ပိုင် လုပ်တဲ့ လက်ယက်ကန်း တွေကိုပါ အကုန်လုံးရှို့သွားတာ ” ဟုဆိုသည်။
အိမ်ခြေ ၈၀၀ ကျော်ရှိသည့် ထူးကြီးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့မှုကြောင့် နေအိမ် ၂၀၀ ကျော်မီးလောင်ပြာကျခဲ့ပြီး ၁၀၀ ကျော်ပျက်စီးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ထူးကြီးကျေးရွာက ဒေသခံအများစုသည် တောင်ယာ လုပ်ငန်းအပြင် လက်မှုပညာတစ်ခုဖြစ်သည့် ယက်ကန်းပညာဖြင့် အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယက်ကန်းစင်များအားလုံးကို မီးရှိ့ဖျက်ဆီးသွားသည့်အတွက် စားဝတ်နေရးအခက်အခဲများဖြစ်ပေါ်နေသည်ဟုဒေသခံတစ်ဦးက ပြောသည်။
” တောင်သူ သိမ်းချိန်ဆိုရင် ယက်ကန်းခတ်ကြတယ်။ အခုက လယ်သိမ်းပြီဆိုတော့ ဒီချိန်က ယက်ကန်းတွေလုပ်ကြတဲ့အချိန်ပဲ။ အခု အကုန်လုံးရှို့သွားတော့ အားလုံးလုပ်ကိုင်ကြဖို့ အဆင်မပြေကြတော့ဘူး ” ဟု ၎င်းကဆိုသည်။
ထူကြီးကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကြောင်းသည် ရေဦးမြို့နယ် မုတ်စီကျေးရွာဘက်သို့ ရောက်ရှိနေပြီး မီးရှို့မှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို၊ အရာတော်နှင့် ဝက်လက်စသည့် မြို့နယ် ၃ခုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၄၁၉ အရ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ထပ်တိုးကြေငြာထားသည်။
စစ်အာဏာသိမ်းချိန်မှ ယခုနှစ် ဇန်နဝါရီ ၁၅ရက်အထိ စစ်ကိုင်းတိုင်းအတွင်းက နေအိမ် အဆောက်အအုံ (၄၃,၂၁၆လုံးထက်မနည်း) မီးရှို့ခံထားရသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ -ISP Myanmar ကဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
ပုံစာ – မီးရှို့ခံရပြီးနောက် မြင်တွေ့ရသည့် ထူးကြီးကျေးရွာအတွင်း မြင်ကွင်း။
Photo – S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့။