စစ်ကောင်စီတပ်က ပင်လောင်းမြို့နယ်ရှိ အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအမျိုးသမီးထိမှန်သေဆုံးခဲ့သည်ဟု ယနေ့တွင် KNDFက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်လောင်းမြို့နယ် တောင်စလုံး၊မြောက်စလုံးနှင့်ကောင်မဲတင်းကျေးရွာများသို့ စစ်ကောင်စီတပ်၏ ဖယ်ခုံမြို့အခြေစိုက် စကခ (၇) မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာနေ အသက် ၄၆နှစ်အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရသည်။
ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ် ရှေ့တန်းစခန်းများနှင့် ကင်းပုန်းစခန်းများမကြာခဏတိုက်ခိုက်ခံရသဖြင့် အဆိုပါမြို့နယ်နှစ်ခု၏ နယ်စပ်တွင် PNO တပ်များနှင့်အတူ စစ်ကောင်စီတပ်အင်အားဖြည့်တင်းလျက်ရှိသည်။
စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီး ကျေးရွာများကို စဥ်ဆက်မပြတ် တိုက်ခိုက်လျက်ရှိသည်ဟု KNDFက ဖော်ပြထားသည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်များကြောင့် ကရင်နီပြည်နယ်အတွင်း၌ ဒေသခံများနှင့်စစ်ဘေးရှောင်များသေဆုံးမှု ၄၃၀ ဦးထိရှိနေခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPFက ယခုလ ၁ရက်တွင်ဖော်ပြထားသည်။