ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီး ပစ်သဖြင့်ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသမီးကိုဆန်ခါဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ကူညီရေးအဖွဲ့များက ပြောသည်။
ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ မဇွပ်ယန်ကျေးရွာအတွင်းသို့ ယမန်နေ့နံနက် ကိုးနာရီခန့်က စစ်ကောင်စီက လက်နက်ကြီး ပစ်သဖြင့်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက သံလွင်ခက်ကိုပြောသည်။
ထိုအမျိုးသမီး၏ ညာဘက်လက်မောင်း၊ပေါင်နှင့် ကျောကုန်းကို လက်နက်ကြီးအစထိမှန်ခဲ့သည်ဟု ၎င်းနှင့်နီးစပ်သူ တစ်ဦးကပြောသည်။
၄င်းက “ပစ်သံတော့ လေး၊ငါး၊ခြောက်ချက် ကြားတာပဲ။အိမ်ထဲမှာနေတဲ့ ကလေးမတစ်ယောက်ထိသွားတယ်။သူ့ကလေးတွေမတွေ့လို့ အပြင်ထွက်ခေါ်ရင်း ထိမှန်တာ”ဟုပြောသည်။
ဒဏ်ရာရရှိသူအမျိုးသမီးသည် အသက်၃၀ဝန်းကျင် ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး အသက် အန္တရာယ်မစိုးရိမ်ရဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီသည် ကချင်လွတ်မြောက်ရေးတပ်မတော်KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDFများကရပ်ရွာလုံခြုံရေးအတွက် ကင်းလှည့်နေသည့်အချိန်တွင် ကံဆီးစစ်တပ်ကုန်းနှင့် လုံးခင်းအကျဉ်းထောင် နှစ်နေရာမှလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“စစ်ကောင်စီကတော့ နေ့တိုင်းလိုလိုထင်သလို ရမ်းပစ်နေတာပဲ။ဘယ်သူမှ အပြင်မထွက်ရဲဘူး”ဟု ၄င်းကပြောသည်။
ထို့ပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါဒေသတွင် ညဘက် ကင်းပုန်းဝပ်ကာ ဆိုင်ကယ်နှင့်ကားများကိုဖမ်းဆီး၍ငွေကောက်ခံနေသည်ဟု ဒေသခံများထံကသိရသည်။
ပုံစာ–လက်နက်ကြီးထိမှန်သည့် အမျိုးသမီးကို ဆေးရုံပို့ဆောင်နေသည့်မြင်ကွင်း။
Photo-Crd