မိနစ်အနည်းငယ်အကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြားထွက်ပြေးသွားကြသောကြောင့် နာရီဝက်အတွင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု BPLA က ယနေ့တွင်သတင်းထုတ်ပြန်သည်။
ကရင်ပြည်နယ်၊ မူတြော်ခရိုင် KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ယနေ့နံနက် ၆နာရီခန့်တွင် KNLA နှင့်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်PDFနှင့် Force for Federal Democracy(FFD)တို့ပါဝင်သောမဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည်။
မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု BPLAက ထုတ်ပြန်သည်။
စခန်းရရှိချိန်၌ ရန်သူ့အလောင်းတစ်လောင်း၊ လက်နက် ၂လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့သည်ဟု BPLAကဖော်ပြထားသည်။ တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟုသိရသည်။
လက်ရှိအာဏာသိမ်းကာလအတွင်း၌ တစ်နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်၏ ထက်ဝက်ကျော်သည် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေတစ်ခုအတွင်း၌ ဖြစ်ပွားထားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် ကေအဲန်ယူတပ်မဟာ၅ နယ်မြေ၌ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၃၀၇ ဦးသေဆုံး၍ ၉၇၂ ဦး ဒဏ်ရာရခဲ့သည်။
ယခုနှစ်တွင်လည်းပြီးခဲ့သော ဇန်နဝါရီလ၌ တိုက်ပွဲပေါင်း ၂၀၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄၇ ဦးသေကာ၅၅ ဦးဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၅ က ထုတ်ပြန်ထားသည်။