နွေဦး တော်လှန်ရေးကို အသုံးချကာ နည်းမျိုးစုံဖြင့် အလှူငွေလိမ်လည်ကောက်ခံမှုများ ရှိနေသည့်အတွက်အလှူရှင်များသတိပြုရန်လိုအပ်သည်ဟု တော်လှန်ရေး ရန်ပုံငွေရှာဖွေသည့် အဖွဲ့များကပြောသည်။
Fundraising team (ရန်ပုံငွေရှာဖွေရေးအဖွဲ့) အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိသလို ကျဆုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ၏ ဓာတ်ပုံများ အသုံးပြုကာ အလှူငွေ လိမ်လည်ကောက်ခံသူများလည်း ရှိသည်ဟု ရန်ပုံငွေရှာဖွေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
မကြာသေးခင်က NUG လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့် People’s Revolution Supply Family (PRF) အဖွဲ့၏ အဖွဲ့ဝင်ကဒ်ကို အသုံးပြုကာ ငွေကြေးလိမ်လည်မှုများ ပြုလုပ်ခဲ့သည်ဟု PRF အဖွဲ့တာဝန်ရှိသူ ကို Kap ကသံလွင်ခက်ကိုပြောသည်။
“PRF ထောက်ပို့ တပ်ဖွဲ့ဝင်ကဒ်က ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ထားပေးတယ်ဆိုတာ သူတို့ သိကြတယ်လေ။ PRF ကို official program (တရားဝင် ထောက်ပို့အစီအစဉ်) အနေနဲ့ ကြေငြာထားတော့ အဲ့တာကိုသိပြီးလိမ်လည်ပြီးငွေကြေး ကောက်ကြတာ” ဟု ၎င်းက ပြောသည်။
PRF အနေဖြင့်လည်း နည်းပညာပိုင်းနှင့် ဒီဇိုင်းပိုင်းတို့ကို လုံခြုံရေးတိုးမြှင့်ရန် စီစဉ်နေပြီး အလှူရှင်များကိုလည်း၎င်းတို့၏ တရားဝင်လူမှုကွန်ယက်စာမျက်နှာများတွင် အတည်ပြုစုံစမ်းစေလိုသည်ဟု ၎င်းက ဆက်ပြောသည်။
အလှူငွေလိမ်လည်ကောက်ခံသည့်ဖြစ်စဉ်များ ပိုမို များပြားလာသည့်အတွက် “တော်လှန်ရေးလူလိမ်အကောင့်များစုစည်းမှု” ဆိုသည့် လှုပ်ရှားမှုကို ယခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းကာ အတည်ပြု ဖော်ထုတ်ပေးနေသည်။
အဆိုပါလှုပ်ရှားမှုတွင်ပါဝင်သူတစ်ဦးက “ပြည်သူလူထုရဲ့ချွေးနည်းစာကို တော်လှန်ရေး အတွက်တကယ်လိုတဲ့နေရာသာ ရောက်ရမယ်ဆိုတဲ့စိတ်နဲ့ ဆောင်ရွက်နေပြီး လက်လှမ်းမီသလောက် သတိပေးနေပါတယ်” ဟုပြောသည်။
ငွေကြေးလိမ်လည်သူများကို ဖော်ထုတ်ရာတွင် တပ်ရင်း၊ မြို့နယ်အခြေစိုက်နှင့် အမှတ်တံဆိပ် စသည်တို့ကိုစစ်ဆေးမေးမြန်းနေသည်ဟု ဆိုသည်။
ထို့ပြင်မဟာမိတ်နှင့် နီးစပ်ရာအဖွဲ့များထံလည်း အတည်ပြုရပြီး အလှူရှင် မဟုတ်ဘဲအလှူရှင်များကိုယ်စားသွားရောက် မေးမြန်းရသည့်အတွက် အခက်အခဲများစွာ ရှိသည်ဟု ၎င်းကဆက်ပြောသည်။
“တော်လှန်ရေးလူလိမ်အကောင့်များစုစည်းမှု”လှုပ်ရှားမှုအဖွဲ့၏ စုံစမ်းမှုအရ ယနေ့အချိန်ထိငွေကြေးလိမ်လည်သည့် အဖွဲ့ ၁၀ ဖွဲ့ခန့်နှင့် ဖေစ်ဘွတ် အကောင့်ပေါင်း ၄၀ ကျော်ခန့်ကို ဖော်ထုတ်နိုင်ခဲ့သည်။
အာဏာသိမ်းပြီးနောက် တော်လှန်ရေး ရန်ပုံငွေများကို လိမ်လည် ကောက်ခံမှုများရှိသလို စီးပွားရေးအကျ ပ်အတည်းများ ကြောင့် လတ်တလော ပြေလည်ရေးအတွက် အသုံးချ ဖျားယောင်း လိမ်လည် ငွေကြေးတောင်းခံမှုများလည်းရှိသည်။
ပုံစာ–တော်လှန်ရေး ရန်ပုံငွေများကို လိမ်လည်ကောက်ခံနေသူများကို ဖော်ထုတ်ထားသည့်မှတ်တမ်းမြင်ကွင်း။
Photo-Crd