စစ်ကောင်စီတပ်က သိမ်းပိုက်ထားသည့်ကေအဲန်ယူ တပ်မဟာ၆ နယ်မြေအတွင်းရှိ KNLA တပ်ရင်း ၁၀၃ စခန်းအား KNLA ၊ KTLA နှင့် KNDO စသည့်ကရင်တပ်များပူးပေါင်း၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ယနေ့နံနက်ပိုင်း၌ စခန်းကိုရရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့နယ်အတွင်းရှိ KNLA တပ်ရင်း ၁၀၃ စခန်းအား စစ်ကောင်စီတပ်က ပြီးခဲ့သောသုံးရက် ဖေဖော်ဝါရီ ၂၁ရက် ညနေပိုင်းတွင်လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
” ၁၀၃ စခန်းကိုသူတို့နေရာယူပြီးတဲ့နောက်မှာ ညတွင်းချင်းပဲ ပြန်တိုက်ခိုက်တယ်။ ကျွန်တော်တို့ KTLA ၊ KNLA ၊KNDO ပါမယ်။ ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်တိုက်ခိုက်တဲ့အခါမှာ သူတို့ပြန်လည်ဆုတ်ခွာသွားတာပေါ့နော် ” ဟု KTLA ဗဟိုစစ်ဌာနချုပ်သတင်းပြန်ကြားရေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောဝါးနေမူးကပြောသည်။
ကရင်တပ်များ ပူးပေါင်းတိုက်မှုကြောင့် စစ်ကောင်စီတပ်များသည် ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ၁၀၃ စခန်းမှဆုတ်ခွာသွားခဲ့သည် ။ အဆိုပါစခန်းပြန်လည်ရရှိရေးအတွက်တိုက်ခိုက်ရာတွင် ကရင်ပူးပေါင်းတပ်များဘက်တွင်ထိခိုက်မှုမရှိခဲ့ဟု သိရသည်။
သို့သော်လည်း အဆိုပါစခန်းကို စစ်ကောင်စီတပ်များ သိမ်ပိုက်ရရှိထားချိန်၌ မီးရှို့ဖျက်ဆီးမှုကြောင့် တပ်ရင်းစခန်းရုံးနှင့် ကား၊ဆိုင်ကယ်များ ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။
ထိုစခန်းကို ကရင်ပူးပေါင်းတပ်များ ပြန်လည်ရရှိချိန်၌ စခန်း၌ DKBA တပ်ဖွဲ့ အမှတ်တံဆိပ်တွေ့ရပြီး စစ်ကောင်စီတပ်က DKBA ဝတ်စုံများဖြင့် ၁၀၃ စခန်းကို ဝင်ရောက်စီးနင်းခဲ့သည့်သဘောမျိုးရှိသည်ဟု ဗိုလ်ကြီးစောဝါးနေမှူးက ပြောသည်။
” စစ်ဆင်ရေးလာတဲ့လမ်းကြောင်းမှာ DKBA ဝတ်စုံတွေ သုံးသွားပုံရတယ်။ DKBA အမှတ်တံဆိပ်နဲ့ အင်္ကျီတစ်ခုကျွန်တော်တို့တွေ့တယ်။ DKBA ညီကိုတွေနဲ့လည်း ကျွန်တော်တို့ကို ရန်တိုက်ပေးတဲ့သဘောမျိုး ဆိုက်ဝါးသုံးသွားတာလည်း ရှိတော့ ရှေ့ဆက်ပြီး စကစတွေက ကျွန်တော်တို့ကို ဖြိုခွဲမယ့်အစီအစဥ်ကို ကောင်းကောင်း သိရှိနားလည်ဖို့ လိုတယ် “ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်များဆုတ်ခွာသွားသော်လည်း လက်ရှိတွင်စစ်ရေးအခြေအနေ တင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်မှုကြောင့် ဘလဲ့ဒို ၊ မော်ခီ ၊ ဥကရစ်ခီး ၊ ထီးကပလယ်၊ ပနွဲ့ဖိုးကလိုး၊ ထီးသဲလယ် စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ ရွာ ကျော်မှ ဒေသခံ ၄၀၀၀ ဦးကျော် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်များကိုကူညီပေးနေသူ ဆရာလားဝါးက ပြောသည်။