လက်နက်၊ ခဲယမ်းများအပါအဝင် လုံခြုံရေးကိစ္စရပ်များကို ပြင်ဆင်သင့်သလောက်ပြင်ဆင်ထားပြီးဖြစ်၍ စစ်အုပ်ချုပ်ရေး ကြေညာလာသည့်အပေါ် အထူးစိုးရိမ်စရာမရှိဟု ရွှေဘိုခရိုင် တပ်ရင်း ၁၈ ၊ ဝက်လက်မြို့နယ်၊နယ်စည်းမခြားတော်လှန်ရေးအင်အားစု တပ်ရင်းမှူး ဗိုလ်စွန်ရဲက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘို၊ ဝက်လက်၊ အရာတော် မြို့နယ်သုံးခုကို စစ်အုပ်ချုပ်ရေးထပ်တိုးကြောင်းကို စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအမိန့်ဖြင့် ကြေညာချက်တစ်စောင်ကို ယမန်နေ့တွင်ထုတ်ပြ န်ကြေညာလိုက်သည်။
စစ်ကောင်စီအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် အကြောင်းပြချက်ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ စစ်အုပ်ချုပ်ရေး(Martial Law) ကျင့်သုံးနိုင်ကြောင်း ကြေညာချက်တွင်ပါရှိသည်။
“ ဒီဘက်ခြမ်းက တလရအင်အားစုတွေမှာ လွန်ခဲ့တဲ့ခြောက်လကထက်စာရင် သင့်တင်တဲ့ လက်နက်ခဲယမ်းတွေလည်းရောက်နေပြီ သူတို့ကို ထိထိရောက်ရောက်တုန့်ပြန်နိုင်မယ့်အနေအထားမျိုးတော့ရှိနေပြီ “ဟု ဗိုလ်စွန်ရဲကသံလွင်ခက်ကိုပြောသည်။
စစ်ကိုင်းတိုင်းအတွင်း၌ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြို့နယ် ၁၁ခုရှိပြီး ယခုလို ထပ်တိုးကြေညာလိုက်သည့်အတွက် စုစုပေါင်း ၁၄ မြို့နယ်အထိရှိလာပြီ ဖြစ်သည်။
စစ်အုပ်ချုပ်ရေးကြေညာခြင်းသည် စစ်ကောင်စီ၏ နယ်မြေမထိန်းချုပ်နိုင်သည့် အကြပ်အတည်းကို ဖော်ပြသည့်ထွက်ပေါက်တစ်ခုဖြစ်ပြီး ပြည်သူကို ဒုက္ခပိုပေးမည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်လှုပ်ရှားစစ်ဒေသ)မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီက ပြောသည်။
“ဝက်လက်ဒေသဟာလည်း ရန်သူစစ်အုပ်စုကို အပြင်းအထန်ခုခံတော်လှန်နေတဲ့နေရာတစ်ခုပဲ အဲဒါမို့ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကို အပြင်းအထန်ဖိနှိပ်ဖို့လုပ်တဲ့ လုပ်ရပ်ပဲ“ဟု ၎င်းကဆိုသည်။
စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်ရောက်နေသည့်နေရာများရှိ ပြည်သူများအနေဖြင့် ဂရုပြုနေထိုင်ဆောင်ရွက်သွားရန်လိုအပ်မည့်အပြင် စစ်အုပ်စု၏ တပ်ပြောင်းတပ်ရွှေ့သတင်းအချက်အလက်များပို့ပေးပြီး လက်နက်ကိုင်တော်လှန်နေသည့်ရဲဘော်များကို ကူညီပေးကြရန် ရဲဘော်လွန်းညီက တိုက်တွန်းသည်။
စစ်ကောင်စီအနေဖြင့် ယခင်ကတည်းက မီးရှို့မှုများ ၊သတ်ဖြတ်မှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး စစ်အုပ်ချုပ်ရေးကြေညာပြီးချိန်တွင်လည်း ပိုမိုယုတ်မာအကြမ်းဖက်လာနိုင်သည်ဟု ရွှေဘိုမြို့နယ်အတွင်းရှိ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ၎င်း၏ထင်မြင်ချက်ကိုပြောသည်။
ယခုလ ဖေဖော်ဝါရီ၂ရက်နေ့တွင် စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၁ခု၊ ချင်းပြည်နယ်ရှိ မြို့နယ် ၇ခု၊မကွေးတိုင်းရှိ မြို့နယ် ၅ခု၊ ပဲခူးတိုင်းရှိ မြို့နယ် ၅ခု၊ ကရင်ပြည်နယ်ရှိ မြို့နယ် ၂ခု၊ မွန်ပြည်နယ်ရှိ မြို့နယ် ၁ခု၊ကရင်နီပြည်နယ်ရှိ မြို့နယ် ၄ခု၊ တနင်္သာရီတိုင်းရှိ မြို့နယ် ၂ခု စုစုပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားခဲ့သည်။
ထို့ပြင် ယခင်၂၀၂၁ခုနှစ်အတွင်းက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်၇ခုရှိသည့်အတွက် လက်ရှိတွင်စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်စုစုပေါင်း မြို့နယ် ၄၇ခုအထိရှိလာခဲ့ပြီဖြစ်သည်။
” အရင်ထက်ပြင်ဆင်မှုတွေပိုလုပ်နေတယ်။ စစ်ရှောင်လမ်းတွေ အရန်ရိက္ခာစုဆောင်းတာမျိုးတွေ လုပ်နေတယ် ။ကျေးရွာတော်တော် များများ ဗုံးခိုကျင်းတွေလုပ်နေတယ်။ အဓိကကတော့ အရန်ရိက္ခာပေါ့ စစ်ရေးပစ်မှတ်နဲ့ဝေးတဲ့နေရာမျိုးတွေမှာစုဆောင်းနေတယ် “ဟု ဗိုလ်စွန်ရဲကပြောသည်။
စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များတွင် စစ်ကြောင်းထိုး၍ ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း နှင့် နေအိမ်များစွာကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေသဖြင့် ဒေသခံကာကွယ်ရေးတပ်များက ခုခံကာကွယ်နေရာ ထိတွေ့တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေသည်။
ISP Myanmar ၏ စာရင်းများအရ ယခင်စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် ၄၄ မြို့နယ်တွင် တိုက်ပွဲပေါင်း၁၅၀၀ ထက်မနည်းဖြစ်ပွားခဲ့သည်ဟု သိရသည်။
ပုံစာ–ရွှေဘိုခရိုင် တပ်ရင်း ၁၈ ၊ ဝက်လက်မြို့နယ်၊နယ်စည်းမခြားတော်လှန်ရေးအင်အားစု တပ်ဖွဲ့ဝင်များ ဧရာဝတီမြစ်ကြောင်းနှင့် ထိန်းချုပ်နယ်မြေများ၌ လုံခြုံရေး ဆောင်ရွက်နေမှု။