မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ အမှတ်၂ စည်ပင်သာယာ ရပ်ကွက်ရှိ ရုံးပေါင်းစုံဌာနတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များက လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်ဟုသိရသည်။
ပြီးခဲ့သည့် နှစ်ရက် ဖေဖော်ဝါရီ ၂၁ ရက် ည၁၀ နာရီအချိန်တွင် ရုံးရှေ့သို့ထွက်လာသည့် စစ်ကောင်စီတပ်သားများကို အဝေးပစ်ပုခုံးထမ်းလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Mingyan Black Tiger(MBT)ခေါင်းဆောင်ဗိုလ်မိုက်ခဲက သံလွင်ခက်ကိုပြောသည်။
“စုစုပေါင်း ၃ချက်ပစ်တာ။ ၄၀မမတစ်ချက်ကတော့ errorတက်သွားတယ် ။ လောင်ချာနဲ့နှစ်ချက်ပစ်တာ ထွက်လာတဲ့သုံးယောက်လုံးလဲကျသွားတာတွေ့ရတယ်“ဟု ၎င်းကဆိုသည်။
စုပေါင်းရုံးဌာနတွင် ခန့်မှန်းအင်အား ၂၀၀ ဦးဝန်းကျင်ခန့်ရှိပြီး ရေစကြို၊ ပခုက္ကူမြို့နယ်များရှိ ရွာများကိုစစ်ကြောင်းထိုးပြန်လာသည့်အခါ အနားယူသည့်စုရပ်အဖြစ် တပ်စွဲထားခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)နှင့် ခွပ်ဒေါင်းနီတပ်ဖွဲ့ (YSO)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ညနေအထိ အတွင်းသတင်းအရ လဲကျသွားသည့် စစ်ကောင်စီတပ်သား၃ ဦးကို ရေစကြိုမြို့ ဆေးရုံသို့ခေါ်ဆောင်သွားပြီး နှစ်ဦးမှာ သေဆုံးသည်ဟု MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။
ထိုတိုက်ခိုက်မှုအတွင်း၌ စစ်ကောင်စီတပ်ဘက်မှ လိုက်လံပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များအထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ပုံစာ– Myingyan Black Tiger(MBT)တပ်ဖွဲ့ဝင်များ