ကရင်လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်ခြင်းမပြုရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKO ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ မေတ္တာရပ်ခံစာတစ်စောင်ကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး ၊ အမှတ်၄ တပ်မဟာနယ်မြေအတွင်း ကော်သူးလေတပ်မတော် (KTLA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲများရှိနေသည့်အတွက် ယခုကဲ့သို့မေတ္တာရပ်ခံလာခြင်းဖြစ်သည်။
” KTLA နှင့် KNLA (KNU) တို့၏ တာဝန်ရှိသူများမှ အဖိနှိပ်ခံကရင်တမျိုးသားလုံး၏ မျက်နှာကိုထောက်ရှု၍လက်ရှိဖြစ်ပေါ်နေသော အချင်းချင်း ရန်မူတိုက်ခိုက်နေမှုများ အမြန်ဆုံးအဆုံးသတ်ပေးပါရန် IKO မှ လေးနက်စွာမေတ္တာရပ်ခံအပ်ပါသည်“ဟု ဖော်ပြထားသည်။
ယနေ့ကာလသည် စစ်အစိုးရကို ပြည်သူတရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်နေကြချိန် ကရင်တပ်ဖွဲ့များအကြားအချင်းချင်း တိုက်ခိုက်နေကြခြင်းမဖြစ်သင့်ဟုလည်း IKO ကဆိုသည်။
ပြည်သူတရပ်လုံး၏ စစ်အုပ်စုအမြစ်ပြတ်ဖြုတ်ချရေးအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်းသည် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးအတွက် အခွင့်အခါကောင်းဖြစ်၍ လက်မလွှတ်သင့်ဟု IKO ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အာဏာသိမ်းထားသည့် စစ်အုပ်စုသည် လတ်တလောတွင် ဘေးကြပ်နံကြပ်ဖြစ်ကာ ပြည်သူလူထုအပေါ် ညှင်းပမ်းနှိပ်စက်မှု ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများကို ဆက်တိုက်ပြုလုပ်နေသည့်အတွက် ကရင်အချင်းချင်းတိုက်ခိုက်မည့်အစား သေနတ်ပြောင်းဝကို စစ်အုပ်စုဘက်သို့ လှည့်ကျရန် IKO က တိုက်တွန်းထားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) သည် ကရင်အမျိုးသားအစည်းအရုံး၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ကော်သူးလေတပ်မတော် KTLA သည် ရာထူးမှရပ် ဆိုင်းခံလိုက်ရသည့် KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်နေသည့်အဖွဲ့ဖြစ်သည်။
ပုံစာ-(၇၅)နှစ်မြောက် ကရင်အမျိုးသားနေ့ တွင် တွေ့မြင်ရသည့် (KNLA)တပ်ဖွဲ့ဝင်တစ်ဦး။
Photo- KNU