စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် FOEIMတွင် ကျောင်းတက်နေသူ အယောက်၃၀၀၏ အမည်ဖုန်းနံပါတ်နှင့် ဖခင်နာမည်များ ပေါက်ကြားနေသဖြင့် စိုးရိမ်မှု မြင့်တက်နေသည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။
ယမန်နေ့ညနေက အဆိုပါကျောင်းသားနှင့် မိဘအချက်အလက်စာရင်း ပေါက်ကြားလာခြင်းဖြစ်ပြီး Grade 1တွင်သင်ကြားနေသူများစာရင်းဖြစ်သည်ဟု သိရသည်။
စာရင်းပေါက်ကြားသည်ကို ကြားသည့်အချိန်မှစ၍ ကျောင်းအပ်ရာတွင် ပေးထားမိခဲ့သည့် ဖုန်းနံပါတ်ကို ချက်ချင်းပိတ်ပစ်လိုက်ပြီး တယ်လီဂရမ်အကောင့်ကိုလည်း ဖျက်ထားလိုက်ပြီဖြစ်သည်ဟု မန္တလေးက ကျောင်းသားမိဘတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“သိသိချင်းပဲ ဆင်းကဒ်ကိုထုတ်ပစ်လိုက်တယ် ကျွန်မတို့ဆီဖုန်းဆက်တာမျိုးတော့မရှိဘူး အခြေအနေကဘာမှန်းလည်းမသိစိုးရိမ်ရတော့ ညတွင်းချင်းပဲ နေရာပြောင်းအိပ်လိုက်တယ်“ဟု ၎င်းကဆိုသည်။
လက်ရှိတွင် Grade 1တက်ရောက်သူစာရင်းသာပေါက်ကြားနေခြင်းဖြစ်ပြီး အခြားအတန်းများရှိ ကျောင်းသားစာရင်းများပါ ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်ဟု ရေးသားထားသည်။
FOEIM ကျောင်းတွင် Grade 1မှ Grade11အထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းသုံးခုစလုံးသင်ကြားပေးလျက်ရှိပြီး အခြားအတန်းများတွင် စာသင်ကြားနေသည့် ဒေတာအချက်အလက် ထပ်ပေါက်လာမည်ကို စိုးရိမ်နေကြလျက်ရှိသည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။
” G1စာရင်းတွေမနေ့ကပေါက်တာကြားရတယ် ။ သမီးလေးက G4မှာတက်နေတာ စာရင်းတွေထပ်ဖော်ပြသွားမယ်ရေးထားတော့ အမြဲစောင့်ကြည့်နေရတယ် စိုးရိမ်နေရတယ်“ဟု အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးကပြောသည်။
အခုလို စာရင်းပေါက်ကြားမှုအတွက် အဓိကတာဝန်ရှိသူများမှာ ကျောင်းစီမံသူများနှင့် အချက်အလက်ကိုင်ထားသူများဖြစ်ပြီး တာဝန်ယူ တာဝန်ခံရမှာဖြစ်သလို အရေးယူမှုကိုလည်း ခံယူရမှာဖြစ်သည်ဟု အခြေခံပညာရေးလုပ်သားများသမဂ္ဂ ဗဟိုကော်မတီဝင်ဖြစ်သူ ဆရာနောင်ချိုက ပြောသည်။
“ကျောင်းစီမံသူတွေကြားမှာ အဝေမတည့်မှုကြောင့်ဆိုတာဟာ တော်တော်လေးရှက်ဖို့ကောင်းတဲ့ကိစ္စပါ။ ဒီလိုတွေကြောင့် မှန်မှန်ကန်ကန်ကြိုးစားရုန်းကန်နေရတဲ့ ပြည်သူ့ပညာရေးကျောင်းတွေကို လူထုယုံကြည်မှု အားနည်းသွားစေတယ်“ဟု ၎င်းကဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြဿနာညှိနှိုင်းအဖြေရှာပေးသည့်အပြင် ထိရောက်သည့် အရေးယူမှု ယန္တရားတစ်ခုနှင့် ကိုင်တွယ်ဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖွေသင့်ပြီဟု ဆရာနောင်ချိုကတိုက်တွန်းပြောဆိုထားသည်။
ပေါက်ကြားလာသည့် FOEIM ၏ ဒေတာတွင် ကျောင်းသားများ၏အမည်များ၊ ကျောင်းသားမိဘများနှင့် ဖုန်းနံပါတ်များ ပါဝင်လျက်ရှိနေခြင်းကြောင့် အရေးပေါ်လုပ်ဆောင်ရန် အချက်များကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက ထုတ်ပြန်ထားသည်။
၁။ Data ပေးစဥ်ဖော်ပြခဲ့တဲ့ Sim Card ဖုန်းနံပါတ်များကိုအသုံးပြုမှုယာယီရပ်နားထားခြင်း၊
၂။ မိမိ၏Device များအတွင်းရှိသောတော်လှန်ရေးဆိုင်ရာ Data အချက်အလက်များအားဖျက်ထားခြင်း
၃။ မိမိအိမ်နေရာဌာနတွင်သတိနှင့်နေထိုင်ခြင်း
၄။ မိမိဖုန်းSim Cardအသုံးပြုပြီးဖော်ပြောရာတွင်တော်လှန်ရေးဆိုင်ရာစကားလုံးများကို ထည့်သွင်းဖော်ပြုမှုမပြုခြင်းတို့ကို အလေးပေးလုပ်ဆောင်သွားရန် တိုက်တွန်းနှိုးဆော်ထားသည်။
“အရမ်းစိုးရိမ်ဖို့တော့မလိုဘူး လောလောဆယ်တော့ ခြိမ်းခြောက်ငွေညှစ်တာတွေစနေပြီကြားတယ် ကျောင်းသားတချို့ကို ဖမ်းပြတာမျိူးတွေလုပ်နိုင်လာတယ်“ဟု အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အ.က.လ–ဗဟို) ဥက္ကဋ္ဌ သူရိယစန္ဒာက ပြောသည်။
Free Online Educational Institution Myanmar-FOEIMသည် ကြားကာလတွင် ကျောင်းသားကျောင်းသူများပညာရေးအဆက်မပြတ်ရရှိစေရေး၊ တော်လှန်ရေးအလွန်ကာလတွင် ကျောင်းသားကျောင်းသူများ၏အသက်အရွယ်အလိုက် အရည်အသွေးရရှိစေရေး စသည့်ရည်ရွယ်ချက်များဖြင့် တည်ထောင်ထားသည့်ကြားကာလပညာရေးကျောင်းတစ်ခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၏ တရားဝင်အသိအမှတ်ပြုမှုရရှိထားသည့် ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု အဆိုပါကျောင်းကထုတ်ပြန်ကြေညာထားသည်။