စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ ညအချိန်မတော်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ ကိုနေသူရကပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် ၊ခင်ဦးနယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချ စစ်ကောင်စီတပ်သားများ နှင့် ရွာသစ်ကုန်းရွာရှိ ပျူစောထီးများက ယမန်နေ့ည ၈နာရီခွဲခန့်တွင် ၆၀မမ နှင့် လက်နက်ငယ်များဖြင့် အနီးနားရှိ အင်းပတ်ကျေးရွာအတွင်း ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီနှင့်ပျူစောထီးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန် မိနစ်၃၀ အကြာ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အင်းပတ်ကျေးရွာ အတွင်း ၆၀မမ သုံးလုံးကျ ၍ တစ်လုံးပေါက်ကွဲခဲ့သည်။
အဆိုပါလက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက်၆၀ နှစ်ကျော် အဖွားတစ်ဦး လက်နက်ကြီးထိမှန်၍ ဒဏ်ရရှိခဲ့ပြီးအသက်၃၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး လည်း ပေါင်တွင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
” လက်နက်ကြီးထိမှန်တဲ့ အဖွားက နံရိုးထိမှန်ပြီး တစ်ချောင်းအက်သွားတာပေါ့။ ဆေးကုသမှုကတော့အခုထိခံယူနေရတုန်းပါပဲ။ ကျန်အမျိုးသားတစ်ဦးကတော့ လက်နက်ငယ်ကျည်ထိမှန်တာ ဖြစ်ပါတယ်“ဟု ကိုနေသူရကပြောသည်။
ထိုအင်းပတ်ကျေးရွာသည် ရွာသစ်ကုန်းပျူစောထီးရွာနှင့် ပေ၁၅၀၀ ခန့်အကွာအဝေးကွာတွင်သာရှိပြီး စစ်ကောင်စီနှင့်ပျူစောထီးတပ်ဖွဲ့ဝင်များ၏ လေးကြိမ် မီးရှို့ဖျက်ဆီးထားမှုကြောင့် နေအိမ်၂၁၈လုံး မီးလောင်ပျက်စီးခဲ့သည်။
ပျူရွာနှင့်နီးသည့်အတွက် အင်းပက်ရွာမှဒေသခံများမှာ ဘေးလွတ်ရာကိုအကြိမ်ကြိမ်ထွက်ပြေး တိမ်းရှောင်နေကြရပြီးရွာ၌အနည်းငယ်ကျန်ရှိနေသောသူများမှာလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်မှု ဒဏ်ကိုခံနေကြရခြင်းဖြစ်သည်။
ခင်ဦးနယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချစစ်ကောင်စီတပ် နှင့် ရွာသစ်ကုန်းရှိ ပျူစောထီးများသည် အနီးဝန်းကျင်ရှိ ကျေးရွာများအား နေ့စဥ်နီးပါး ခြိမ်းခြောက်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။