စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီ–ပျူစောထီးပူးပေါင်းတပ်များနှင့် ကာကွယ်ရေးတပ်ဖွဲ့များ အကြားတိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီဘက်မှ တစ်ဦး စနိုက်ပါကျည်ထိမှန်ကျဆုံးခဲ့သည်ဟု သိရသည်။
ရွှေဘိုမြို့နယ် အရှေ့ခြမ်းရှိ ကုလားမ၊လက်ကောက်ကျကျေးရွာ အနောက်ဘက် ဘိုးနတ်တောင်နှင့်တောင်လှအပေါ်သို့ရောက်ရှိနေသော စစ်ကောင်စီနှင့် ပျူစောထီးတပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မခေါက်ကျေးရွာနှင့် ဟင်္သာကြီးကျေးရွာမှ ပျူစောထီးများနှင့် လာရောက်ပူးပေါင်းခြင်းဖြစ်ပြီး အင်အားအရေအတွက် အတိအကျမသိရဘူးဟု ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်လွန်းညီက သံလွင်ခက်ကိုပြောသည်။
“၁၇ရက်ညနေမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်တာ ကျွန်တော်တို့ဘက်က ၆၀မမတွေနဲ့စပစ်တာ တောင်ပေါ်မှာအချင်းချင်း အပြန်အလှန်ပစ်ကြတဲ့သဘောပါပဲ“ဟု ၎င်းကဆိုသည်။
နှစ်ဘက်ပစ်ခတ်မှုမှာ တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီးတစ်ဦးမှာ စနိုက်ပါကျည်ထိမှန် သေဆုံးခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်ရက် ညပိုင်းတွင် အထိအခိုက်အများအပြားဖြင့် ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားသည်ဟု ရဲဘော်လွန်းညီက ဆိုသည်။
အဆိုပါတိုက်ပွဲကို ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှားစ–စ်ဒေသ)နှင့် Brave Brothersတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၉ရက်တွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။