ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ဝင်များအနီးကပ်စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့မှ ၇ဦးထိခိုက်ပြီး ၆ဦးသေဆုံးသည်ကိုအတည်ပြုနိုင်သည်ဟု KRU တာဝန်ရှိသူ ကိုလင်းလင်းကပြောသည်။
ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) ၏ လှုပ်ရှားစစ်နယ်မြေ ဖြစ်သော ဒီးမော့ဆိုမြို့၊ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ကင်းပတ်ရန်ထွက်ခွာနေစဥ်ဖေဖော်ဝါရီလ၁၉ရက်၊ ညနေပိုင်းတွင် KRU က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ညနေ ၅း၂၅ နာရီမှ ညနေ ၆နာရီ အချိန်ထိဖြစ်ပွားခဲ့သည်။
” တိုက်ပွဲဖြစ်တာက နှစ်ရွာကြားလောက်မှာဖြစ်တာဆိုတော့ အရမ်းနီးတယ်။ ၇ ယောက်ထိတာ၊ ၆ ယောက်ကတော့လုံးဝမှောက်သွားတယ်။ တစ်ယောက်ကတော့ ကုန်းကုန်းနဲ့ လေးဘက်ထောက်သွားနေတာတွေ့တယ်။ အဲမှာသူတို့စစ်ကူအင်အားလာတဲ့အချိန်မှာ ကျွန်တော်တို့ပြန်ဆုတ်တာပေါ့နော် “ဟု ကိုလင်းလင်းကသံလွင်ခက်ကိုပြောသည်။
ထိုတိုက်ခိုက်ပွဲတွင် သေးဆူလဲရွာဘက်မှ စစ်ကောင်စီတပ်များက စစ်ကူရောက်လာခဲ့သောကြောင့် အနီးနားရှိသေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်ထံမှ လက်နက်ခဲယမ်းဆွဲယူ၍ တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ တပ်ပြန်ဆုတ်နိုင်ခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
စစ်ကောင်စီတပ်တို့ နှင့် တိုက်ပွဲ အတွင်း ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ MA-1 သေနတ် တစ်လတ် ၊ ကျည် ဘောက် ၃ဘောက် ၊ ကျည် ၂၂၅ တောင့်ကို ရယူနိုင်ခဲ့သည်။
ထိုတိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) နှင့်အတူရှမ်းပြည်တောင်ပိုင်းတော်လှန်ရေးတပ်ပေါင်းစုSSLRU တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲအပြီး၌ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ယမ်းသမ်းပစ်ခတ်မှုများကို ယမန်နေ့ ညနေပိုင်းအထိပြုလုပ်နေခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြန်ငြိမ်သွားသည်ဟု သိရသည်။
ဒီးမော့ဆိုကုန်းသာကျေးရွာကို ပြီးသောနှစ် နှစ်ကုန်းပိုင်း၌ ဒေသခံကာကွယ်ရေးတပ်များက နယ်မြေထိန်းချူပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး တပ်စခန်းတစ်ခုကို ခြေကုပ်ယူ၍ပြန်လည်တပ်ဆွဲထားသည်ဟု သိရသည်။