စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီးတွေဟာ ကျရာအခန်းကဏ္ဍအလွှာ အသီးသီးမှာပါဝင်နေကြပါတယ်။
အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေအဖြစ် အမျိုးသားများနဲ့အတူ အခက်အခဲကြားမှာ ဒီနေ့အထိတည်ရှိနေတာပါ။
လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ အဖြူအစိမ်းဝတ် ဆရာ၊ဆရာမတွေ၊အမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသက်သေဆုံးအောင်အထိ ပြုမူခဲ့တာက ဘဝတူအမျိုးသမီးတွေအကြား လက်နက်ကိုင်ဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ နှိမ်နင်းမှုတွေ မှာ အမျိုးသမီးတွေအပေါ် စစ်လက်နက်သဖွယ် ပစ်မှတ်ထားဆောင်ရွက်လာတယ်လို့ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မနန်းမို့မို့က ပြောပါတယ်။
“တိုက်ပွဲပြင်းထန်တဲ့နေရာဒေသတွေမှာဆိုရင်လည်း အမျိူးသမီးတွေကို အုပ်စုလိုက် အဓမ္မကျင့် သတ်ဖြတ်သွားတာ မျိုးတွေ တွေ့ရတယ်။ ဘယ်နေရာမှာမှ လုံခြုံမှုရှိမနေဘူး။ စစ်ကောင်စီက အမျိုးသမီးနဲ့ ကလေးငယ်တွေကိုပစ်မှတ်ထားပြီး စစ်လက်နက်သဖွယ် အသုံးပြုနေတာလည်းမြင်ရတယ်။ အမျိုးသမီးတွေကို အကြမ်းဖက်တာကနိုင်ငံတကာရဲ့လူ့အခွင့်အရေးဥပဒေနဲ့ ကြည့်မယ်ဆိုရင် စစ်ရာဇဝတ်မှုတွေပဲဖြစ်တယ်”လို့ သူမက ပြောပါတယ်။
တကျော့ပြန်အာဏာသိမ်းမှု ကာလမှာပါဝင်လာတဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေကိုတော့ ဘယ်လိုဖိနှိပ်မှုတွေကမှတားဆီးလို့မရခဲ့ပါဘူး။
၂၀၂၁ခုနှစ် ၊ဖေဖော်ဝါရီလ၊ ၁ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံသားတစ်ဦးချင်းရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
အမျိုးသမီးများအနေနဲ့ကတော့ အခွင့်အရေးဆုံးရှုံးမှုတွေသာမကဘဲ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပိုမိုရင်ဆိုင်လာရပါတယ်။
ကိုယ်ဝန်ဆောင်ကနေ သက်ကြီးရွယ်အိုအထိ ပုံစံမျိူးစုံနဲ့ ကျူးလွန်ခြင်း၊ အကြမ်းဖက်ခြင်းကိုခံနေကြရတာပါ။
အကျဉ်းထောင်တွေထဲမှာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေက ပြောပါတယ်။
တိုက်ရိုက်ဖိနှိပ်မှု ချိုးဖောက်မှုတွေရှိသလို သွယ်ဝိုက်ပြီး သက်ရောက်စေတဲ့ အရာများမှာလည်း ဒေသအသီးသီးကအမျိုးသမီးတွေရင်ဆိုင်နေကြရပါတယ်။
အမျိုးသမီးများအရေး ဦးဆောင်လှုပ်ရှားတဲ့ မလွေးပိုးငယ်က“ကျွန်မတို့ တအာန်းဒေသမှာ အမျိုးသမီးတစ်ယောက်ဆိုလို့ရှိရင် ကလေးမွေးဖို့ ဆေးရုံသွားရမှာ ဒါပေမယ့် စစ်ကောင်စီဂိတ်တွေများတာ ဖြစ်တဲ့အတွက် လမ်းမှာမွေးခဲ့ရတာကြောင့် ကလေးက အသက်မရှင်ခဲ့ဘူး”လို့ပြောပြပါတယ်။
အာဏာသိမ်းကာလ ၂ နှစ်အတွင်း အမျိုးသမီးသေဆုံးသူဦးရေ ၃၃၇ ဦးရှိခဲ့ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၁၅၇၄၅ဦးထဲမှာ အမျိုးသမီး ၄၀၀၃ ဦးပါဝင်တယ်လို့ AAPPက ထုတ်ပြန်ထားပါတယ်။
အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပြင် တစ်ခြားသောအခက်အခဲတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
အမျိုးသမီးတွေသာချည်း ဦးဆောင်ထားတဲ့ Myaung Women Warriors (M2W) အဖွဲ့ကို ၂၀၂၁၊အောက်တိုဘာလ၂၆ရက်နေ့မှာ စတင်တည်ထောင်လိုက်တော့ ဝေဖန်မှုအမျိုးမျိုးထွက်လာပါတယ်။
M2W အဖွဲ့ဝင် မဂျူလိုင်က “အမျိုးသမီးတွေ စစ်တိုက်တဲ့ထဲပါဝင်ပြီဆိုတော့ မဖြစ်လောက်ဘူးလို့ နှိမ်ခံရတယ်။စစ်ရေးအရ နားမလည်သေးတဲ့အခါမှာ နောက်ဆုတ်နေလို့ပြောတာခံခဲ့ရတယ်။ အမျိုးသမီးအဖွဲ့ဆိုပြီး နင်တို့ ဘာလုပ်နိုင်မလဲဆိုပြီး ပါးစပ်အရသာခံပြီးလှောင်ပြောင်ပြောတာခံခဲ့ရတယ်” လို့ စတင်ချိန်က သူမ အတွေ့အကြုံကိုပြောပြပါတယ်။
ဝေဖန်မှုတွေကြားမှာ တော်လှန်ရေး လုပ်ငန်းစဉ်တွေကို သွေဖီမသွားဘဲ အားသွန်ခွန်စိုက် ပါဝင်ဦးဆောင်နိုင်လာတာကြောင့် တော်လှန်ရေးခေါင်းဆောင် အချင်းချင်းကပါ လေးစားလာတယ်လို့ လက်ရှိအခြေနေကို သူမက ဂုဏ်ယူစွာနဲ့ ဆက်ပြောပါတယ်။
ခွဲခြားကန့်သတ်ထားတဲ့နိုင်ငံမှာ ဖိုဝါဒကြီးစိုးတာမဆန်းပေမယ့် ငုံ့ခံရင်ပိုဆိုးမယ်ဆိုတဲ့စိတ်နဲ့ အပြောနဲ့ မဟုတ်ပဲအလုပ်နဲ့သက်သေပြခဲ့တယ်လို့ သူမက ဆိုပါတယ်။
နွေဦးတော်လှန်ရေးကာလမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးငယ်တစ်ချို့ဟာရောက်ရှိတဲ့နေရာတွေမှာလည်း အခွင့်ရေးချိုးဖောက်မှုတွေခံခဲ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မနှင်းဆီ(အမည်လွှဲ) ဟာ သူရဲ့ ဖြစ်စဉ်ကို အခုလိုပြန်ပြောပြပါတယ်။
“ခြိမ်းခြောက်ခံရတာတွေလည်း ရှိခဲ့တယ်။ထုတ်တောင်မပြောချင်တဲ့ အကြိမ်ကြိမ်အကြမ်းဖက်မှုတွေပါ” လို့သူမကပြောပါတယ်။
တော်လှန်ရေးနယ်မြေထဲက သူမအနေနဲ့ အသေးစိတ်အခြေနေတွေကို ပြန်ပြောပြဖို့ တော့ ငြင်းဆိုပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေကို တိုင်ကြားခဲ့တဲ့အခါ မနှင်းဆီအပေါ်ကျုးလွန်သူကတောင်းပန်စကားဆိုခဲ့ပါတယ်။
အမျိုးသမီးတွေ အပေါ်ပြစ်မှုကျူးလွန်မှုတိုင်း ဟာ ရာဇဝတ်မှု ဖြစ်ပြီး ကျူးလွန်သူ အားလုံးက တာဝန်ယူရမယ်လို့ အမျိုးသမီးနိုင်ငံရေးတက်ကြွ လှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“သူက တော်လှန်ရေး ဘက်တော်သားမို့ အမျိုးသမီးတွေအပေါ် အနိုင်ကျင့်ခွင့်ရှိတယ်။ အကြမ်းဖက်မှု ပြုလုပ်လို့ရတယ်ဆိုတဲ့ အခြေခံသဘောတရားမျိုး လုံးဝမရှိဘူး။ ဘယ်သူပဲကျုးလွန်ကျူးလွန် ကျူးလွန်သူအားလုံးက တာဝန်ယူမှု၊တာဝန်ခံမှုရှိရမယ်” လို့ သူမက ပြောပါတယ်။
တော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ ပါဝင်နေကြတဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ လုံခြုံစွာနေထိုင်နိုင်ဖို့ကူညီဖေးမသင့်တယ်လို့ မနန်းမို့မို့က ပြောပါတယ်။
သူမက “လူဦးရေရဲ့ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေပပျောက်အောင် ကိုယ်တိုင်ကလည်း မကျူးလွန်မိဖို့လိုသလို အကာအကွယ်ပေးဖို့လည်းလိုအပ်ပါတယ်။ဒါမှသာကျွန်မတို့လိုချင်တဲ့ ငြိမ်းချမ်းပြီးတရားမျှတတဲ့ လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်နိုင်မှာပဲဖြစ်ပါတယ်” လို့ပြောပါတယ်။
မနှင်းဆီဆိုရင် စိတ်ပိုင်းဆိုင်ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးကုသခဲ့ပြီး ပြန်လည်ရပ်တည်ဖို့ စိတ်ခွန်အားတွေမွေးခဲ့ပြီး ဒီနေ့အချိန်ထိ တော်လှန်ရေးမှာ ဆက်လက်ပါဝင်နေပါတယ်။
“ ဘာအကြောင်းပြချက်နဲ့မှ အမျိုးသမီးတွေအပေါ် ကိုယ်ရောစိတ်ပါ ကျူးလွန်လို့မရသလို တွေးမိရင်တောင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပိုသတိပြုသင့်ပါတယ်“လို့ မနှင်းဆီက ပြောပါတယ်။
မနှင်းဆီအပါအဝင် အမျိုးသမီးတွေဟာ ခြိမ်းခြောက်မှု ၊ခွဲခြားမှု ၊ဖိနှိပ်မှုတွေကြားမှာ ရဲရင့်စွာဆက်လက် တိုက်ပွဲဝင်နေတာဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး တစ်ဦးချင်းကစတဲ့ လွတ်လပ်လုံခြုံ ငြိမ်းချမ်းရေးအတွက်ဆိုလည်းမမှားနိုင်ပါဘူး။
ပုံစာ–နွေဦးတော်လှန်ရေးတွင်ပါဝင်နေသည့် အမျိုးသမီးကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ မြင်ကွင်း။
Photo-Crd