စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မျက်ကြည်လွှာ ပေါက်ပြဲသွားသည့် မင်းတပ်စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ဝင်တစ်ဦးသည် ဆေးကုသစရိတ်အတွက် အကူအညီများလိုအပ်နေသည်ဟု သိရသည်။
စစ်ကောင်စီ၏ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်အားလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီ၏ ယာယီအထိုင်ရုံးဖြစ်သည့် ပလိပ်ထွီဘုန်းကြီးကျောင်းအဆောက်အဦးပေါ်ကို ပြီးခဲ့သော ဇန်နဝါရီလ ၂၃ ရက်တွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
” ကျွန်တော်တို့မင်းတပ်မြို့နယ် IDP အဖွဲ့၏ ယာယီရုံးကို စကစ လေကြောင်းဖြင့်တိုက်ခိုက်စဉ် ပြင်းထန်ဒဏ်ရာရရှိသွားတဲ့ အဖွဲ့ထဲကညီလေး ယာဘက်ပေါင် အာရုံကြောပြတ်သွားတာကို ဆရာသမားများက ကုသပေးခဲ့ကြပေမယ့်ဘယ်ဘက် မျက်လုံးမျက်ကြည်လွှာပေါက်ပြဲသွားတာကိုတော့ အိန္ဒိယတွင်သွားရောက် ကုသမှသာ အဆင်ပြေနိုင်မည်ဖြစ်ပါသဖြင့် ဆေးဝါးကုသစရိတ်အတွက် ကူညီလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ် ” ဟု မင်းတပ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ယနေ့တွင် ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှုတွင် မင်းတပ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင် ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရုံးအတွင်းရှိငွေသားသိန်း ၃၀၊ ရုံးသုံး Computer တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery လေးလုံး၊ ဖုန်းနှစ်လုံး၊ Printer တစ်လုံး ၊ ဆိုင်ကယ် နှစ်စီး ၊ ခြုံစောင်များ နှင့် အခြားလူသုံးကုန်ပစ္စည်း အားလုံးနီပါးပျက်စီးဆုံးရှုံးခဲ့ရသည်။
ထိခိုက်ဒဏ်ရာရရှိသူများအနက် လက်ရှိဆေးဝါးကုသရန်လိုအပ်နေသော လူငယ်၏ စစ်ဘေးရှောင်များအား ကူညီပေးနေခဲ့မှုများနှင့်ပတ်သက်၍ ” ဘာဝင်ငွေမှ မရရှိပေမယ့် စစ်ဘေးရှောင်တွေအတွက် ဆန်အိတ်ထမ်း နယ်ဆင်းပြီးကူညီပေးနေတဲ့ဖျတ်လတ်သွက်လက်တဲ့ volunteer ညီငယ်တစ်ဦးပါ “ဟု မင်းတပ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကဖော်ပြထားသည်။
အာဏာသိမ်းကာလအစပိုင်း ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေခဲ့သော မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ဖြင့် ပြည်သူများကို ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။
နှစ်နှစ်နီးပါးကြာမြင့်လာသည့် စစ်ကောင်စီ၏ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် မင်းတပ်မြို့နယ်အတွင်းရှိကျေးရွာများနှင့်စစ်ဘေးရှောင်စခန်းများရှိ သောင်းဂဏန်းထိရှိသော ပြည်သူများသည် ရိက္ခာနှင့်ဆေးဝါးလိုအပ်နေသည်ဟု သိရသည်။
ဆေးဝါးအခက်အခဲများကြောင့် ရက်လွန်သည့်ဆေးဝါးများကိုပင် အသုံးပြုနေကြရသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
နဂိုကတည်းက ဆေးဝါးနှင့်ရိက္ခာအခက်အခဲများနှင့်ကြုံနေရသော မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့်စစ်ဘေးရှောင်များသည် ယခုလအတွင်း၌ စစ်ကောင်စီ၏ ဝေဟင်၊ မြေပြင်တို့မှ ထိုးစစ်ဆင်နေမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် မိုးကာများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။
ပုံစာ – ဗုံးကြဲမှုကြောင့် မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံးပျက်စီးမှုများ ။