![]()
ခင်သရဖီဦး
နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်ဖြူတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖြင့်လည်းကောင်း၊ ဒရုန်းဖြင့် လည်းကောင်း အာရက္ခတပ်တော် AA ၏ ထိုးစစ်အား အပြင်းအထန် ကာကွယ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်မှ AA ထိန်းချုပ်ထားသည့် နေရာများကို ထိုကဲ့သို့ လေကြောင်းမှနေ၍ တိုက်ခိုက်မူများ ဆက်တိုက် လုပ်နေသည့်အတွက် AA ဘက်က ဆုတ်ခွာပေးလိုက်ရသည့် နေရာများရှိနေသည်ဟု အသက် ၄၅ နှစ် အရွယ် စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
“စစ်တပ်က ကျောက်ဖြူမှာ AA ထိန်းချုပ်ထားတဲ့ နေရာတွေကို ဒရုန်းရော၊ ဂျက်ရော သုံးပြီး နေ့တိုင်းဆိုသလို လာချတာ ရှိပါတယ်။ အဓိက အရင်က AA ထိန်းချုပ်ထားတဲ့ နေရာတွေကိုပေါ့။ AA ဘက်ကလည်း စစ်ရေးအရ ဆုတ်ပေးလိုက်ရတာလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
AA အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လအစပိုင်းတွင် ကျောက်ဖြူရှိ ဓညဝတီရေတပ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်မူများ လုပ်ဆောင်နေခဲ့သော်လည်း လက်ရှိတွင် ထိုးစစ်ဆင် တိုက်ခိုက်မူ မပြုလုပ်နိုင်ဘဲ ဆုတ်ပေးထားရခြင်းဖြစ်သည်ဟု သိရသည်။
အသက် ၂၇ နှစ်အရွယ် အမျိုးသား တစ်ဦးက “စစ်တပ်က ကျောက်ဖြူမှာ နေ့ရော ညရော ဂျက်နဲ့ ဒရုန်းတွေပါ သုံးပြီး ပစ်နေတယ်။ စစ်ရေးကတော့ ပြင်းနေတာပေါ့။ သူတို့ဘက်က အားတင်ပြီ တိုက်နေတယ်” ဟုဆိုသည်။
ကျောက်ဖြူတွင် AA နှင့် စစ်တပ်တို့မှာ ပြီးခဲ့သည့် သြဂုတ်
လမှ စတင်ကာ သစ်ပုတ်တောင် ရေတပ်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်းအနီးတို့တွင် ထိတွေ့တိုက်ပွဲများ ရှိနေခြင်းဖြစ်သည်။
ထို့အပြင် အရပ်သားများနေထိုင်သည့် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများအား မကြာခဏ ဗုံးကြဲ တိုက်ခိုက်နေသည့်အတွက် အရပ်သား ထိခိုက်သေဆုံးမူများလည်း ရှိနေသည်။
ပုံစာ – ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသည် AA စစ်သားတစ်ဦး
