စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း စီးပွားကျပ်တည်းလာမှု၊ အကြမ်းဖက်မှု၊ လုံခြုံစိတ်ချမှု မရှိသည့် အခြေအနေများကြောင့် ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခဲ့သည်ဟု ဘိန်းစိုက်တောင်သူများက ပြောသည်။
စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ်ကပ်ရောဂါကြောင့် တရုတ် – မြန်မာ အဓိက ကုန်သွယ်ရေးမြို့များဖြစ်သည့် မူဆယ်၊ ရွှေလီနှင့် ကြယ်ဂေါင်အပါအဝင် နယ်စပ်မြို့များတွင် နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်ခဲ့သည်။
ထိုသို့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသည့်အခါ တရုတ်နှင့်ကုန်သွယ်ပြီး စားဝတ်နေရေး ရပ်တည်နေရသည့် ရှမ်းပြည်နယ်က တောင်သူများအတွက် အခက်အခဲများ စတင် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့် တောင်သူများအနေဖြင့် စားဝတ်နေရေး၊ ရပ်တည်ရေး အခက်အခဲများကို ဖြေရှင်းနိုင်ရန် ယခင်စိုက်ပျိုးနေသည့် အာလူး၊ ဟင်းသီးဟင်းရွက်၊ လက်ဖက်၊ ကော်ဖီနှင့် ထောပတ်များအစား ဘိန်းကို ပြန်လည်စိုက်ပျိုးခဲ့ရသည်ဟု ဘိန်းစိုက်တောင်သူများက ဆိုသည်။
တစ်ရက်ထက် တစ်ရက် မြင့်တက်လာနေသည့် ကုန်စျေးနှုန်းများကြောင့် အခြား သီးနှံများ စိုက်ပျိုးမှုထက် ဘိန်းကို ပြန်လည် စိုက်ပျိုးနေခြင်းဖြစ်သည်ဟုလည်း ရှမ်းပြည်နယ် တောင်ပိုင်းမှ ဘိန်းစိုက်တောင်သူတစ်ဦးက ပြောသည်။
၎င်းက “သီးနှံတွေ အာမခံချက် မကောင်းတဲ့ အချိန်မှာ ဒီဟာက ပိုပြီးမှ ဝင်ငွေလည်း ရတယ်။ သယ်ရတာလည်း လွယ်တယ်။ သွင်းအားစုလည်း နည်းတယ်။ ဒီဟာ စိုက်ရင် ပိုပြီး တွက်ခြေကိုက်တဲ့ အနေအထားမျိုးမှာ ဘိန်းပိုပြီး စိုက်ကြတယ်။ ၂၀၂၁ မှာ နည်းတယ်။ ၂၀၂၂ မှာ အရမ်း ထိုးတက်သွားတယ်” ဟု ဆိုသည်။
ဘိန်းထွက်ရှိသည့်အခါ စတင်ရင်းနှီး စိုက်ပျိုးသည့် ဝင်ငွေထက် နှစ်ဆ နီးပါး ပြန်လည် ရရှိသည်ဟု တောင်သူများက ပြောသည်။
အထက်ပါ အချက်များကြောင့် မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု တိုးလာနေခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း၌ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ၇ နှစ်ကြာ ဘိန်းထုတ်လုပ်မှု ကျဆင်းပြီးနောက် ပြန်လည် တိုးနေပြီး အာဏာသိမ်းအပြီး ပထမ ဘိန်းစိုက်ရာသီအတွင်း ဘိန်းအထွက် ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။
၂၀၂၁ ခုနှစ်တွင် ဘိန်း ၄၂၃ တန် ထွက်ရှိခဲ့ကာ ၂၀၂၂ ခုနှစ်တွင် ဘိန်း ၇၉၅ တန် ထွက်ရှိခဲ့ပြီး ၂၀၂၁ ထက် နှစ်ဆနီးပါး မြင့်တက်ခဲ့သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဘိန်းစိုက်တောင်သူတစ်ဦးက “ကုန်စျေးနှုန်းကလည်း အရမ်းတက်တဲ့အခါမှာ တခြားသော သီးနှံတွေက သွင်းအားစုလည်း အရမ်း များတယ်။ နောက်တစ်ချက်က မြေနေရာက အကျယ်ကြီး လိုတယ်။ ဘိန်းစိုက်တဲ့အခါ မြေနေရာက အတော်သင့်ဆို ရတယ်။ ဝင်ငွေ ပိုရတဲ့ အနေအထားမှာ ရှိတယ်။ အဲဒါကြောင့် ပိုစိုက်ဖြစ်တာ” ဟု ဆိုသည်။
ဘိန်းစိုက်တောင်သူများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် ဘိန်းရောင်းရငွေ နှစ်ဆ ရရှိခဲ့ပြီး တစ် ကီလိုဂရမ် ဘိန်းရောင်းချငွေ တန်ဖိုးသည် ၇၀ ရာခိုင်နှုန်ူး မြင့်တက်သွားခဲ့ကာ အမေရိကန် ဒေါ်လာ ၁၆၆ မှ ၂၈၁ ဒေါ်လာထိ မြင့်တက်ခဲ့သည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခင်က မူးယစ်ဆေးဝါးများနှင့် မထိတွေ့ မရောင်းချခဲ့သည့် မြို့နေ ဒေသခံတချို့ကအစ မူးယစ်ဆေးဝါးကို ရောင်းချမှုများ ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ကျောက်မဲခရိုင်၏ ဥက္ကဌ ဖြစ်သူ ဦးတင်မောင်သိန်းက ပြောသည်။
၎င်းက “ကိုဗစ်ကြောင့် အရာရာ ရပ်သွားတဲ့အခါမှာ ကျွန်တော်တို့ မြို့ပေါ်မှာ ဘာနဲ့ ရပ်တည်မလဲ။ လူတန်းစားအလွှာအသီးသီးရှိတာကို နောက်ဆုံးကျတော့ မူးယစ်ဆေးဝါးပဲ ရောင်းတာပေါ့။ အဲဒါထက် ဆိုးတာက မူးယစ်ဆေးဝါး ရောင်းချတဲ့သူတွေက အဖမ်းခံရမှာ မကြောက်ဘူးလားပေါ့။ မဖမ်းကြဘူးလားဆိုတော့ မဖမ်းသလောက်ကို ဖြစ်တာ။ အဲဒီတော့ သူတို့မှာ အန္တရာယ်ကင်းတာပေါ့။ လိုင်စင်ရသလို ရောင်းခွင့် ရသွားတာပေါ့” ဟုဆိုသည်။
မှန်းချက်နှင့် နှမ်းထွက် မကိုက်သည့် ဘိန်းစိုက်တောင်သူများ
*******************************
ဘိန်းရောင်းချငွေ တန်ဖိုး မြင့်တက်လာသော်လည်း တစ်ဖက်တွင် တက်လာသည့် ကုန်စျေးနှုန်းများဖြင့် ယှဉ်ကြည့်ပါက ယခင် ရောင်းရငွေထက် လျော့နည်းသွားခဲ့သည်။
ယခင် ဘိန်းစိမ်း တစ်ပိဿာ ရောင်းရငွေဖြင့် သွင်းအားစုဖြစ်သည့် ပုလဲ ဓာတ်မြေဩဇာ ခုနစ်အိတ် ဝယ်ယူရပြီး ယခု ဘိန်းစိမ်း ၁ ပိဿာ ရောင်းရငွေသည် ပုလဲ ဓာတ်မြေဩဇာ လေးအိတ်သာ ဝယ်ယူလို့ ရသည်ဟု ဘိန်းစိုက်တောင်သူများက ပြောသည်။
ဘိန်းစိုက်တောင်သူတစ်ဦးက “နိုင်ငံရေး စနစ် ကောင်းရင် စီးပွားရေးလည်း အဆင်ပြေတယ်။ အဲဒါဆို လူတွေက ဘိန်းကို စိတ်မဝင်စားဘူး။ ဘိန်းက အန္တရာယ် တအား များတယ်။ စိုက်တဲ့သူ ကောင်းကောင်း အိပ်ရတာ မဟုတ်ဘူး။ ဘယ်တော့မှ စိတ်ချမ်းချမ်းသာသာနဲ့ စိုက်ပျိုးလုပ်ကိုင်စားသောက်နေကြရတာမဟုတ်ဘူး။ တစ်စုံတစ်ခုကို အမြဲတမ်း ကြောက်နေတဲ့ ပုံစံနဲ့ စိုက်ပျိုးနေကြရတာ။ ဘယ်သူမှ မစိုက်ချင်ဘူး” ဟုဆိုသည်။
ယခုနှစ်အတွက် ဘိန်းခင်း တစ်ဟက်တာမှ ပျမ်းမျှ ဘိန်း ၁၉.၈ ကီလိုဂရမ် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး အဆိုပါ ထွက်နှုန်းသည် မြန်မာနိုင်ငံအတွက် အမြင့်ဆုံး ထွက်ရှိနိုင်သည့် ပမာဏဖြစ်သည်။
ထို့ပြင် ရှမ်းပြည်နယ်တွင် ၂၀၂၁ ခုနှစ်ကထက် စိုက်ပျိုးဧက ပမာဏ ၃၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
စိုက်ပျိုးသီးနှံများ အာမခံချက် မကောင်းသည့် ယခုလိုအချိန်တွင် ဘိန်းစိုက်ပျိုးခြင်းသည် ဝင်ငွေ ပိုမို ရရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး သယ်ယူရ လွယ်ကူခြင်း၊ သွင်းအားစု နည်းခြင်းကြောင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးသူ ပိုမို များပြားလာခြင်းဖြစ်သည်ဟု ဘိန်းစိုက်တောင်သူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ယခင် ဆယ်စုနှစ်အတွင်း ဘိန်းအစားထိုး စိုက်ပျိုးသီးနှံ စီမံချက်များ၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်လမ်းများကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တဖြည်းဖြည်း ကျဆင်းခဲ့သည်။
ကုလသမဂ္ဂ နှစ်ပတ်လည် စစ်တမ်းများအရ ၂၀၁၃ ခုနှစ်တွင် ဘိန်း ၈၇၀ တန် ထွက်ရှိခဲ့ပြီးနောက် တဖြည်းဖြည်း ကျဆင်းခဲ့ကာ ၂၀၂၁၊ ၂၀၂၂ ခုနှစ်များတွင် ဘိန်းထုတ်လုပ်မှု မြင့်တက်လာခဲ့သည်ဟု သိရသည်။
ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပြန်လည် ကျဆင်းရန် ဘိန်း အစားထိုး သီးနှံများ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးရန်၊ စျေးကွက်ရှာဖွေချိတ်ဆက်ပေးရန်၊ ကုန်ချောထုတ်လုပ်ပေးရန်နှင့် အစိုးရအနေဖြင့် နိုင်ငံတကာဖြင့် ချိတ်ဆက် ကုန်သွယ်မှု ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု တောင်သူများက ဆိုသည်။
အစားထိုး သီးနှံ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးရုံသာမက အခြားထိုးလိုက်သည့် သီးနှံများဖြင့် ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးရန် လိုသည်ဟု ဘိန်းစိုက်တောင်သူတစ်ဦးက ဆိုသည်။
၎င်းက “အဓိက အစားထိုး သီးနှံ လုပ်ပေးတာနဲ့ မပြီးဘူး။ သူတို့တွေ အစားထိုးလိုက်တဲ့ သီးနှံနဲ့ ရပ်တည်နိုင်အောင် ဘယ်လောက်ထိ ဆောင်ရွက်ပေးလဲဆိုတာ လိုတယ်။ အဲဒါတွေ မလုပ်ပေးဘဲနဲ့တော့ စိုက်ပျိုးတာ ပပျောက်ဖို့ကတော့ မလွယ်သေးဘူး” ဟု ဆိုသည်။
အစားထိုး စိုက်ပျိုးစရာ၊ မြင့်တက်လာသည့် ကုန်စျေးနှုန်း၊ ပြန်လည်ရောင်းချရမည့် စျေးကွက်မရှိခြင်း စသည့် အခြေအနေများကြားတွင် တောင်သူများအနေဖြင့် ဘဝရှင်သန် ဆက်လက် ရပ်တည်ရေးအတွက် ဘိန်းစိုက်ပျိုးရေးမှ အပ အခြား ရွေးချယ်စရာ မရှိပေ။
“ပိုက်ဆံတော့ ရတာ မှန်ပေမယ့် ရွေးချယ်စရာ မရှိလို့သာ စိုက်နေရတာ။ လုံခြုံတယ်လို့ မခံစားရဘူး”
ပုံစာ – ရှမ်းပြည်နယ်အတွင်းက ဘိန်းစိုက်တောင်သူတစ်ဦး/ ပုံ – အဟောင်း
အေကေ – ရေးသားသည်
ဓာတ်ပုံ – သံလွင်ခက်