KNU တပ်မဟာ၆ နယ်မြေရှိ PDF စစ်ကြောင်းများကို NUG သုံးလဆက်တိုက် လက်နက်များတပ်ဆင်ပေး
***************************
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကေအဲန်ယူတပ်မဟာ၆ နယ်မြေအတွင်း၌ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် နဂါးနီစစ်ကြောင်းအား NUG မှ လက်နက်များတပ်ဆင်ပေးသည်ဟု သိရသည်။
အဆိုပါလက်နက်များအား တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားမှ နဂါးနီစစ်ကြောင်းသို့ သွားရောက်ကာ တပ်ဆင်ပေးအပ်ခြင်းဖြစ်သည်ဟု ယမန်နေ့တွင် နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
လက်နက်များပေးအပ်ပြီးနောက် စစ်ဒေသခွဲ အမှတ် ၃ အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရဲဘော်များ သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင်နွေဦးတော်လှန်ရေး၏ ၂ နှစ်ကျော်ကာလအတွင်း အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုဩဝါဒ စကားပြောကြားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် တောင်ပိုင်းတိုင်းစစ်ဒေသအတွက် လက်နက်များတောက်လျောက်ပေးအပ်နေကာ ပြီးခဲ့သော ဒီဇင်ဘာလတွင် ကော်ဘရာစစ်ကြောင်းနှင့် ပြီးခဲ့သော ဇန်နဝါရီတွင် ဒေါနစစ်ကြောင်းတို့ကို လက်နက်များပေးအပ်ခဲ့သည်။
ပုံစာ – နဂါးနီစစ်ကြောင်းအား NUGမှ လက်နက်များပေးအပ်သည့် အခမ်းအနား။