မကွေးတိုင်း ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟုသိရသည်။
ရေစကြိုမြို့ အမှတ် ၄ ဖောင်တော်ဦးရပ်ကွက်ရှိ ငြိမ်းဇာနည်တပ်စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့် တပ်စွဲထားရာ ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ညနေ ၅နာရီခန့်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၅ဦးထက်မနည်းသေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်ခက်ကိုပြောသည်။
“တိုက်ပွဲကပြင်းထန်တယ် ကျွန်တော်တို့စခန်းထဲထိရောက်ခဲ့တယ် သိမ်းနိုင်လုနီးပါးပဲ စက်လက်သမားတစ်ယောက်ပဲကျန်တာ အလောင်းတွေ ဝါးတပြန်စာလောက်အကွာမှာ ပုံထပ်နေတာကို မျက်မြင်တွေ့ခဲ့ရတယ်“ဟု ၎င်းကပြောသည်။
စခန်းသိမ်းနိုင်တော့မည့်အချိန်တွင် ရေစကြိုမြို့ ရုံးပေါင်းစုံတွင် တပ်စွဲနေသည့် စစ်သားများ၊ ကပ်ကျော်ကျောင်းတိုင်းမှ စစ်သားများနှင့် မြို့နယ်ရဲစခန်းအတွင်းရှိ ရဲများပါ စစ်ကူရောက်ရှိလာပြီး အင်အားတစ်ရာခန့်နှင့် ဝိုင်းပစ်သောကြောင့် ဆုတ်ခွာလာခဲ့ရသည်ဟု ဗိုလ်မိုက်ခဲက ပြောသည်။
“၁၀၀လောက်စစ်ကူရောက်လာတော့ မသိမ်းနိုင်ခဲ့ဘူး ကျွန်တော်တို့က ချင်းတွင်းမြစ်ကြောင်းထဲဆုတ်ပြေးတော့သူတို့က ကုန်းပေါ်ကနေ ဆက်တိုက်လှမ်းပစ်တယ် အထိအခိုက်တော့မရှိခဲ့ဘူး“ဟု ပြောသည်။
စစ်ကောင်စီဘက်မှ အလောင်းများကို ဖြူစင်ပရဟိတကားဖြင့် သုံးခေါက်ခွဲသယ်နေရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ မိုင်းများ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိခြင်းနှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger(MBT)ကဦးဆောင်ပြီး မုံရွာခရိုင် တပ်ရင်း(၁၂)တပ်ခွဲ(၄)မီးတောက်တပ်ခွဲ ၊ ချောင်းဦးမြို့နယ် (ပလဖ)၊ Banana UG ၊ခွပ်ဒေါင်းနီပြောက်ကြားတပ်၊VOMDY- front warrior စသည့်ညီနောင်မဟာမိတ် အဖွဲ့များမှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်။