ထွေအုပ်ဝန်ထမ်းများ၊ ပျူစောထီးအဖွဲ့များအပြင် သာမန်အရပ်သားပြည်သူများပါ တရားဝင်လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားနိုင်သည့် မူဝါဒတစ်ခုကို စစ်ကောင်စီက အတည်ပြုလိုက်ကြောင်း သိရသည်။
ဗိုလ်ချုပ်နေဝင်းလက်ထက် ၁၉၇၇ခုနှစ်ကတည်းက ပြဌာန်းထားသည့် လက်နက်ကိုင်ဆောင်ရေး ဥပဒေကိုပြင်ဆင်မှု ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီ ၃၁ ရက်စွဲဖြင့် စစ်ကောင်စီလက်အောက်ခံပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အတည်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားသူသည် နိုင်ငံတော်အပေါ် သစ္စာရှိရမည်ဖြစ်ပြီး စိတ်ရူးသွပ်နေသူမဖြစ်ရဟုထုတ်ပြန်ချက်တွင်ရေးသားထားသည်ကိုတွေ့ရသည်။ သာမန်အရပ်သားပြည်သူများအနေဖြင့်လည်း လျှောက်ထားနိုင်ပြီး လိုအပ်ပါက လုံခြုံရေးကိစ္စများတွင် ဝင်ရောက်ဆောင်ရွက်ရမည်ဟုပါရှိသည်။
စစ်ကောင်စီသည် နယ်မြေလုံခြုံရေးကို အကြောင်းပြပြီး ပြည်သူ့စစ်အဖွဲ့များ၊ ပျူစောထီးအဖွဲ့များဖွဲ့စည်းပြီးလက်နက်တပ်ဆင်ပေးထားခြင်းဖြစ်သည်။
ယခုထုတ်ပြန်ချက်သည် ပြည်သူများအကြား စိတ်ရှုပ်ထွေးအောင်လုပ်ခြင်းဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့်လုပ်ထုံးလုပ်နည်းအရမ်းရှုပ်ထွေးနေသည်ဟု ဥပဒေသမားဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမင်းမင်းက သံလွင်ခက်ကိုပြောသည်။
“ပျူတွေပြည်သူ့စစ်တွေအတွက်တော့ တရားဝင်လက်နက်ကိုင်ဆောင်လို့ရသွားတယ်။ တရားဝင်လုံခြုံရေးအဖွဲ့အစည်းပုံစံမျိုး နိုင်ငံတကာကိုချပြလို့ရသွားတာပေါ့“ဟု ၎င်းကဆိုသည်။
ပြည်သူ့ဝန်ထမ်းများ၊ ဝန်ထမ်းမဟုတ်သည့်ပြည်သူများသည် သက်ဆိုင်ရာလူကြီး၏ ထောက်ခံချက်ပါလျှင်သေနတ်အများဆုံးသုံးလက်အထိ ကိုင်ဆောင်ခွင့်ရမည်ဖြစ်ပြီး လိုအပ်လာပါက လုံခြုံရေးကိစ္စရပ်များတွင်ငြင်းဆန်ခွင့်မရှိဘဲ ပါဝင်ရမည်ဟုဖော်ပြထားသည်။
ယခုလိုခွင့်ပြုလိုက်ခြင်းကြောင့် လက်နက်ကိုင်ရမ်းကားမှုများဖြစ်လာနိုင်ပြီး ရာဇဝတ်မှုများလည်းပိုမိုများပြားလာနိုင်ကြောင်း ရန်ကုန်မြို့နေထိုင်သူတစ်ဦးကပြောသည်။
“အရင်ကဆို စစ်သားနဲ့ ရဲကိုပဲကြောက်ရတာ ခုတော့ထွေအုပ်ဝန်ထမ်းတွေကတောင် ထစ်ခနဲရှိ ဥပဒေအရပစ်ရတာပါဆိုပြီးအကြောင်းပြလာနိုင်တယ်“ဟု ၎င်းက မလုံခြုံတော့သည့်အခြေအနေကို ပြောသည်။
အဆိုပါ ပြည်ထဲရေးဝန်ကြီး၏ ထုတ်ပြန်ချက်ထဲတွင် ဝန်ထမ်းများသည် သက်ဆိုင်ရာအထက်လူကြီး၏ ထောက်ခံချက်ပါလျှင် သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားနိုင်သည်ဟု ရေးသားထားသည်။
စစ်ကောင်စီ၏ရွေးကောက်ပွဲပြင်ဆင်နေသည့်ကာလအတွင်း သန်းခေါင်စာရင်းကောက်ခံနေသည့် ထွေအုပ်ဝန်ထမ်းများနှင့် ရွေးကောက်ပွဲကော်မရှင်ဝင်များကို တော်လှန်ရေးအင်အားစုများဘက်မှ ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေးဝန်ထမ်းများကို အချိန်ပြည့် လုံခြုံရေးမပေးနိုင်သည့်အတွက် ယခုဆို ကြေညာချက်ထုတ်ပြန်တာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ထားသည်။
“အရပ်ဖက်အုပ်ချုပ်ရေး အဓိကကတော့ထွေအုပ်တွေကို စစ်တပ်က အချိန်ပြည့် မကာကွယ်ပေးနိုင်တော့ ကိုယ့်ဘာသာသေနတ်ဝယ် သေနတ်ပစ်သင်ကြဆိုတဲ့သဘောကြီးပဲ“ဟု ၎င်းက ဆိုသည်။
ယခုလို ကြေညာချက်ထုတ်ပြီးနောက်ပိုင်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ထွေအုပ်ဝန်ထမ်းများ သေနတ်ကိုင်ဆောင်မှုများပြားလာပါက မြို့ပြမစ်ရှင်များပြုလုပ်လျှင် အခက်အခဲများကြုံတွေ့ရနိုင်သည်ဟု ပုသိမ် မြို့ပြပျောက်ကြားအဖွဲ့ခေါင်းဆောင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ကျွန်တော်တို့က စစ်သားနဲ့ရဲတွေအပေါ်တိုက်ခိုက်မှုလုပ်ရင်ပဲ သတိထားရတာ အုပ်ကြီးတို့ ထွေအုပ်တို့ဆို ဒီကာလမှာ သတင်းပေးအနေအထားပဲဆိုတော့ ထည့်မတွက်လည်းရတယ်။ တကယ်လို့သာ သေနတ်ကိုင်ခွင့်ပေးလိုက်မယ််ဆိုရင်တော့ အခက်အခဲတွေများလာမှာပဲ“ဟု ၎င်းကပြောသည်။
ဇန်နဝါရီလ၃၁ရက်စွဲပါ ကြေညာချက်အရ သေနတ်ကိုင်ဆောင်ခွင့်တရားဝင်လျှောက်ထားနိုင်ပြီဖြစ်ပြီး ကိုင်ဆောင်ခွင့်လိုင်စင်သက်တမ်းမှာ နှစ်စဉ် ဇန်နဝါရီ၁ရက်မှ ဒီဇင်ဘာ၃၁ရက်နေ့အထိ ပြက္ခဒိန်နှစ်အတိုင်းဖြစ်သည်ဟုသိရသည်။