အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်က မင်းဘူးခရိုင်၊ ကန်ပြားရဲစခန်းအား စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယခုလ ဖေဖော်ဝါရီ၈ရက် ည ၉ နာရီခန့်တွင် မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကန်ပြားရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မင်းဘူးခရိုင်) တပ်ရင်းအမှတ်(၁)၊ မကွေးခရိုင် တပ်ရင်းအမှတ် (၁)၊ မင်းဘူး(ပကဖ)နှင့်ပွင့်ဖြူ(ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထို့ပြင် ရဲစခန်းအတွင်းရှိ ဘားတိုက်နှင့်နေရာအချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ကူအင်အားများထပ်မံရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းစစ်ကြောင်းက အထိအခိုက်အကျအဆုံး မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုသိရသည်။