ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီဂိတ်စခန်းတစ်ခုကို ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ယနေ့တွင် ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ကော့ကရိတ်မြို့ ၊ တံတားဦး ညောင်ပင်အောက်ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ဖေဖော်ဝါရီလ ၁၁ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများဖြင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက ရဲဘော်၂ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး ထက်မနည်း သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ အတို၁လက်၊ MA3 ၂လက်၊ ကျည်ဘောက် ၄ ခု၊ RPG 7 အသီး ၁ လုံးတို့ကို ပူးပေါင်းအဖွဲ့က သိမ်ဆည်း ရရှိခဲ့သည်။
စစ်ကောင်စီတပ်ဘက်မှအထိနာခဲ့သောကြောင့် လက်နက်ကြီးများဖြင့် အရပ်သားပစ်မှတ်များကို အဆက်မပြတ်ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ ဆက်တိုက် ပြုလုပ်လာနိုင်ချေရှိသောကြောင့်ကော့ကရိတ်မြို့ဝန်းကျင်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူလူထုအနေဖြင့် သတိဖြင့် သွားလာကြရန် ကျားဖြူစစ်ကြောင်းက သတိပေးထုတ်ပြန်ထားသည်။