ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့မှု မရရှိဟု စစ်ရှောင်တာဝန်ခံက သံလွင်ခက်သတင်းဌာနကိုပြောသည်။
ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်ကြား အပစ်ခတ် ရပ်စဲခဲ့ကြသည်။
အပစ်ရပ်ဆဲပြီးနောက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့ခဲ့သည်။
ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ကူညီထောက်ပံ့ရန် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် ဆက်သွယ်ခဲ့သော်လည်း ယနေ့အချိန်ထိ ထောက်ပံ့မှုမရရှိဟု စခန်းတာဝန်ခံက ပြောသည်။
၎င်းက ” တစ်ခါတော့ ကမ်းလှမ်းဖူးတယ်။ အဲ့နောက်မှာ တခြားစခန်းတွေရတယ်။ ဒီစခန်းတစ်ခုပဲကျန်တယ်၊ဘယ်လိုဖြစ်လဲ မပြောတတ် ဖြစ်နေတယ် ” ဟုဆိုသည်။
ယခင်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန လက်အောက်တွင်ရှိသည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ – WFP နှင့် အခြားကူညီထောက်ပံ့ရေးအဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့မှုများ ရရှိခဲ့သည်။
ယခု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ထောက်ပံ့မှုမရသည်မှာ ၆လကျော်ကြာပြီဖြစ်သည်။
ယင်းကဲ့သို့ပင် WFP အဖွဲ့မှ စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်တစ်ဦးကို တစ်လလျှင် ၂၁၀၀၀ ထောက်ပံ့မှု ရပ်ဆဲထားသည်မှာလည်း ၄ လရှိပြီဖြစ်သည်ဟု စစ်ရှောင်ပြည်သူများက ဆိုသည်။
စစ်ရှောင်ပြည်သူတစ်ဦးက ” လူတစ်ယောက် ၂၁၀၀၀ တစ်လဆိုတော့ ဘယ်လို လုံလောက်မလဲ။ မလုံလောက်ပေမယ့် ရှာကျန်စားရတာပေါ့ ။ အခုကျတော့ လုံးဝမရတော့ဘူး ” ဟု ဆိုသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ခမောင်း၊ သိမ်ချောင်း၊ ကန်ဘိ၊ တဲဝ၊ လေကွိ ၊ ငါးစရိုင်းချောင်း၊ ပညာဝ၊ ကျောက်တန်း စသည့် ကျေးရွာများမှဒေသခံများသည်ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးခိုလှုံနေကြခြင်းဖြစ်သည်။
ပုံစာ – ဝါးတောင်စစ်ရှောင်စခန်းမြင်ကွင်း