စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့်ကားတစ်စီးကို ဖေဖော်ဝါရီ၁၀ ရက်နေ့ မွန်းလွှဲ ၄ နာရီခွဲခန့်က မိုင်းဆွဲ တိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ဝန်ကြီးချုပ်ယာဉ်လိုင်းကို လုံခြုံရေးယူရန် ဝန်းရံလိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းထဲမှ ကားတစ်စီးကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Monywa UG တပ်ပေါင်းစုခေါင်းဆောင် ဗိုလ်ဒဿက သံလွင်ခက်ကိုပြောသည်။
“ကားတစ်ခြမ်းလုံးပျက်စီး သွားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးတာတွေ ရှိပါတယ်။ စာရင်းအတိအကျတော့မသိရသေးပါဘူး” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကားခြောက်စီးဖြင့် လုံခြုံရေးယူကာ လိုက်ပါလာခြင်းဖြစ်ပြီး ကားတစ်စီးတွင်အင်အား ခုနှစ်ဦးခန့် ပါရှိသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် ယမန်နေ့ နံနက် ၅နာရီခွဲခန့်ကလည်း မုံရွာမြို့ ပြည်ထောင်စုကွင်းအတွင်း ပြည်ထောင်စုနေ့အထိမ်းအမှတ်ကျင်းပရန်အတွက် လာရောက်ပြင်ဆင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးသွားသည်ဟု ဗိုလ်ဒဿက ပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက မုံရွာမြို့ နေရာအနှံ့တွင် လိုက်လံရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး လုံခြုံရေး အပြည့်ချထားသည်ဟု ဒေသခံများကပြောသည်။
Photo-Crd စစ်ကောင်စီယဉ်တန်း(ပုံဟောင်း)