ချောက်မြို့ အမှတ် ၃ ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင် ရုံးတစ်ခုအား ယခုလ ဖေဖော်ဝါရီ၈ရက်တွင် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်ဟု သိရသည်။
ည၉နာရီဝန်းကျင်ခန့်တွင် Chauk Guerrilla Force ချောက်ပျောက်ကြားတပ်ဖွဲ့နှင့် ချောက်မြို့နယ် ပကဖအဖွဲ့များပူးပေါင်း ဖောက်ခွဲခဲ့သည်ဟု သိရသည်။
ရုံးပိတ်ချိန်တွင်ဖောက်ခွဲခဲ့ခြင်းဖြစ်သည့်အတွက် လူထိခိုက်မှုမရှိသော်လည်း ရုံးအတွင်းရှိ စာရွက်စာတမ်းများအပါအဝင် အပျက်အဆီးများသည်ဟု CGFအဖွဲ့ဒုခေါင်းဆောင်က သံလွင်ခက်ကိုပြောသည်။
“သန်းခေါင်စာရင်းကောက်ခံတာတွေမလုပ်ဖို့ ပြောထားတဲ့ကြားက ဇွတ်အတင်းလုပ်လို့ ဖောက်ခွဲခဲ့တာ“ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အဆိုပါရွေးကောက်ပွဲကော်မရှင်ရုံးကို ပိတ်ထားပြီး အနီးအနားရှိသူများပါ ပြောင်းရွှေ့နေကြသည်ဟုသိရသည်။
ပြည်သူလူထုတရပ်လုံးအနေဖြင့်လည်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ ရရာနည်းလမ်းမျိုးစုံဖြင့်ရွေးကောက်ပွဲအားဆန့်ကျင်ကြရန် ချောက်မြို့ပြပျောက်ကြားအဖွဲ့များက တောင်းဆိုထားသည်။