တော်လှန်ရေးသပိတ်တရားများ ဟောပြောရင်း တစ်ဖက်တွင်လည်း ဗျူဟာမှူးတာဝန်ယူ၍ တိုက်ပွဲများ ဝင်နေသည့် အညာဒေသခံ လူငယ်တစ်ဦး လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း ကြွေလွင့်ခဲ့ရသည်။
“လက်ရုံးရည်ရော၊ နှလုံးရည်ရော ပြည့်စုံပြီး လူထုကို စည်းရုံးနိုင်စွမ်းလည်း မြင့်မားတဲ့သူ ဖြစ်တဲ့အတွက် ဆုံးရှုံးနစ်နာမှု ကြီးပါတယ်ဗျ”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း ၉ မှ ဒုတပ်ရင်းမှူး ကိုဇင်အောင် ကျဆုံးမှုအတွက် တော်လှန်ရေး ရဲဘော်ရဲဘက်များက နှမြောတသစွာ ပြောဆိုကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်၊ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့တွင် တိုက်ပွဲများစွာ ဆင်နွှဲထားသည့် တပ်ရင်း ၉ ၏ ဗျူဟာမှူးလည်းဖြစ်သူ ကိုဇင်အောင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခြင်းကို ခံရပြီး ယခုလ ဖေဖော်ဝါရီ ၆ ရက်တွင် ကျဆုံးခဲ့ရသည်။
“သူက ကျွန်တော်တို့ တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ဟုတ်သလို ဗျူဟာမှူးလည်း ဟုတ်တယ်ဗျ။ တိုက်ပွဲဖြစ်ဖို့အတွက်ဗျူဟာဆွဲရတယ်။ ရဲဘော်တွေ၊ တပ်စိတ်တွေ နေရာချရတယ်ပေါ့။ အဲဒီလိုနေရာချဖို့ဆိုပြီး နေရာ သွားကြည့်တဲ့အချိန်မှာ စစ်ကြောင်းကလှုပ်လာတဲ့အချိန်နဲ့ တွေ့သွားတာ“
ရေဦးမြို့နယ် တစ်နေရာ၌ ကိုဇင်အောင် ပစ်ခတ်ခံခဲ့ရသည်ကို တပ်ရင်း၉ မှ ရဲဘော်နွေနှောင်းက ပြောသည်။
တပ်ရင်း ၉ သည် ဒီပဲယင်းမြို့နယ်အခြေစိုက် တပ်ရင်း တစ်ခုဖြစ်သော်လည်း ကိုဇင်အောင်၏ တော်လှန်ရေးလက်တံကျယ်ပြန့်မှုကြောင့် အခြားမြို့နယ်များအထိ ရွေ့လျား၍ တိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့သည်။
“တော်လှန်ရေးဆိုတာ အမြဲဆင့်ကဲပြောင်းလဲနေရတယ်ဆိုတာ သူ့စကားပေါ့နော်။ တော်လှန်ရေးရဲ့ရေချိန်ကိုလည်းမီအောင် လိုက်နိုင်တယ်“
ခေါင်းဆောင်တစ်ဦး၏ အမြော်အမြင်ရှိမှုနှင့် ဦးဆောင်နိုင်မှုတို့ကြောင့် တပ်ရင်း ၉ သည် မဟာမိတ်တပ်များစွာနှင့်ချိတ်ဆက်မှု အားကောင်းသည်ဟု ရဲဘော်နွေနှောင်းက ပြောသည်။
အာဏာသိမ်းကာလအစပိုင်း လူထုဆန္ဒသပိတ်ပွဲများတွင် ဦးဆောင်ဟောပြောခဲ့ပြီး လက်နက်ကိုင်ဆွဲ တော်လှန်မှ ရတော့မည်ဟု သိရှိလာချိန်တွင်လည်း တပ်ရင်း တစ်ခုအား ကိုဇင်အောင်တို့ခေါင်းဆောင်များ အကောင်းဆုံး စုဖွဲ့တည်ထောင်ကြသည်။
အခြေခံစစ်သင်တန်း၊ ဆေးသင်တန်းများ တက်ရောက်ထားသူများဖြင့် ၂၀၂၁ ခုနှစ် သြဂုတ်လပိုင်းတွင် တပ်ရင်းတပ်ဖွဲ့ထူထောင်ခဲ့ပြီး နိုဝင်ဘာလတွင် NUG အသိအမှတ်ပြု တပ်ရင်းတစ်ခု ဖြစ်လာခဲ့သည်။
“ကျွန်တော်က သူ့ကို စသိတာပေါ့။ သူက ကျွန်တော်တို့ ဒီပဲယင်းမြို့နယ်မှာ သပိတ်တရား ဟောတာကိုး။ အဲဒီတုန်းကတော့ ကျွန်တော်က သပိတ်နောက်ကနေ လိုက်တာပေါ့လေ။ နောက်ပိုင်းမှာ ကျွန်တော်က တက်ကြွလှုပ်ရှားသူထဲမှာ ပါခဲ့တာပေါ့။ သူကဆွဲခေါ်ခဲ့တာပါ။ အမျိုးသမီးတွေလည်း သပိတ်တရား ဟောသင့်တယ်ဆိုပြီး သူက ဆွဲခေါ်ခဲ့တာ”
အာဏာသိမ်း အစပိုင်း၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါလကတည်း စသိခဲ့ပြီး ကိုဇင်အောင်၏ စည်းရုံးနိုင်စွမ်း ခေါင်းဆောင်ကောင်း ပီသမှုတို့ကြောင့် တပ်ရင်း စုဖွဲ့တည်ထောင်ချိန်အထိ ရဲဘော်ရဲဘက်အဖြစ် ပါဝင်ဖြစ်ခဲ့သည်ဟု ရဲဘော်နွေးနှောင်းက ဆိုသည်။
အာဏာသိမ်းကာလအတွင်း ပြည်သူများ အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသည့် ကိုဗစ်တတိယလှိုင်းတွင် ဆေးသင်တန်းများ တက်ရောက်ထားပြီး ပြည်သူများကို ကူညီပေးနေသည့် ရဲဘော်နွေနှောင်းတို့ အဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့စုစည်းထူထောင်ချိန်တွင် လိုအပ်ချက်အရ ကိုဇင်အောင်က စည်းရုံးခေါ်နိုင်ခဲ့ခြင်းဖြစ်သည်။
“စကစတွေကို ဘယ်လိုမျိုး တော်လှန်ရမယ်ဆိုတာ သူက အရမ်းဥာဏ်ပြေးတယ်။ တော်လှန်ရေးကို ရိုးအီသွားတာမျိုး မဖြစ်ရအောင် တော်လှန်ရေးနောက်ကို ဘယ်လိုလိုက်ရမလဲ သူသိတယ်။ နေရာနဲ့ အချိန်ပေါ် မူတည်ပြီး ရဲဘော်တွေကို ဆက်ဆံတတ်တယ်။ သူ့ကို ရဲဘော်အားလုံးက ချစ်၊ ကြောက်၊ ရိုသေကြတယ်”
တပ်တစ်ခုတွင် အရေးကြီးဆုံးရှိရမည့် အမိန့်နာခံမှု၊ စည်းကမ်းပြည့်ဝမှု စသည့် အချက်များအား ကိုဇင်အောင်ကအကောင်းဆုံးလုပ်ဆောင်ပေးနိုင်ခဲ့သည်ဟု ရဲဘော်နွေနှောင်းက ပြောသည်။
ထို့ကြောင့် တပ်ရင်း ၉ သည် တာဝန်ရှိလူကြီးများ၏ ထိုက်သင့်သည့် အထောက်အပံ့များကို ရရှိပြီး ၂၀၂၁ ခုနှစ်ဒီဇင်ဘာလအစတွင်ပင် စစ်ကောင်စီတပ်နှင့် ပြင်းထန်တိုက်ပွဲ တစ်ရပ်ကို ဆင်နွှဲနိုင်ခဲ့သည်။
ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်း၊ အောင်စည်မြေတိုက်ပွဲသည် တပ်ရင်း ၉ ၏ ဒုတိယမြောက် တိုက်ပွဲဖြစ်ပြီး အချိန်၂ နာရီကျော်ကြာအထိ စစ်ကောင်စီတပ်များနှင့် အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်က အထိနာပြီး လေကြောင်းမှ ပစ်ကူပေးခဲ့ရသည်။
ထိုအချိန်ကတည်းက စစ်ကောင်စီတပ်များနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲပေါင်း ၅၀ ကျော်အထိ ဆင်နွှဲထားခဲ့သောတပ်ရင်း ၉ တွင် ကိုဇင်အောင်အပါအဝင် ရဲဘော် ၁၆ ဦး ကျဆုံးထားခဲ့ရပြီး ဖြစ်သည်။
လူငယ်ကော်မတီဝင်မှ တော်လှန်ရေးဦးဆောင်သူ
***************************
ဒီပဲယင်းမြို့မယ်၊ ဝဲကြီးရွာဇာတိဖြစ်ပြီး ၁၉၈၈ ခုနှစ်၊စက်တင်ဘာလ ၁၃ ရက်တွင် မွေးဖွားခဲ့သော ကိုဇင်အောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခြင်းအသိပညာပေးလုပ်ငန်းများ၊ မဲရုံစောင့်ကြည့်လေ့လာရေးလုပ်ငန်းများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။
ထို့ပြင် မနေဖြူ ပရဟိတလူမှုကူညီရေးအသင်းတွင် တတ်စွမ်းသမျှ ပါဝင်လုပ်ကိုင်းရင်း ၂၀၁၈ ခုနှစ်၌ လူငယ်မူဝါဒနှင့် ရှေ့လုပ်ငန်းစဥ်များ ဆွေးနွေးပွဲတွင် ရွှေဘိုခရိုင် လူငယ်ကိုယ်စားလှယ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင် ဖြစ်လာခဲ့သည်။
NLD အစိုးရလက်ထက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ လူငယ်ရေးရာကော်မတီများ ဖွဲ့စည်း၍ပညာရေး၊ ကျန်းမာရေး ၊ မူးယစ်ဆေးနှင့် အခြားသော ဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့်အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေအနုပညာနှင့် ယဉ်ကျေးမှု၊ သုတေသန၊သိပ္ပံနှင့် နည်းပညာ၊ ပြည့်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး ဘဝလုံခြုံရေး၊ ကျားမညီမျှမှု၊ လူ့အခွင့်အရေး၊ နိုင်ငံတကာ ဆက်ဆံရေး စသည့်ခေါင်းစဥ်များဖြင့် အကော်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
လူငယ်ရေးရာများနှင့် သက်ဆိုင်သည့် ကဏ္ဍများတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့သော ကော်မတီဝင် လူငယ်များသည် အာဏာသိမ်းမှုဖြစ်စဥ်ကို အပြင်းအထန် ကန့်ကွက်ခဲ့ပြီး စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်လိုခြင်း မရှိကြ၍ ကော်မတီလုပ်ငန်းများကို လုံးဝ ရပ်ဆိုင်းခဲ့ကြသည်။
ထို့ပြင် ကော်မတီဝင်လူငယ်များအားလုံးက တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ခဲ့ကြ၍ သက်ဆိုင်ရာ မြို့နယ်၊ အဖွဲ့အစည်းနှင့် တပ်ဖွဲ့များတွင် ဦးဆောင်သူများအဖြစ် ပါဝင်ခဲ့ကြသည်။ ထိုထဲတွင် ကိုဇင်အောင်လည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် ပြည်ထောင်စုကိုယ်စားလှယ်အဖြစ်မှ လက်ရှိတွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုခန့်ဝေဖြိုးက ကိုဇင်အောင် ကျဆုံးရခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုကြီးမားခဲ့သည်ဟု ဆိုသည်။
“ဒီနွေဦးတော်လှန်ရေးမှာ ကိုဇင်အောင် ကျဆုံးသွားရတဲ့အတွက် ကျွန်တော်တို့အတွက်၊ အထူးသဖြင့် ဒီနိုင်ငံကလူငယ်တွေနဲ့ ပြည်သူတွေအတွက် အင်မတန်မှ ဆုံးရှုံးနစ်နာပါတယ်ဗျ။
ကျွန်တော်တို့ တိုင်းပြည်အတွက် လူ့စွမ်းအား အရင်းအမြစ်တွေ စစ်အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုကြောင့် ဆုံးရှုံးနေရတဲ့ ဖြစ်စဥ်ပေါင်း မြောက်များစွာထဲက တစ်ခု ဖြစ်ပါတယ်။
ဒီတော်လှန်ရေးမှာလည်း အင်မတန် အားကိုးရတဲ့ ရဲဘော် ဖြစ်ပါတယ်။ လက်ရုံးရည်ရော၊ နှလုံးရည်ရော ပြည့်စုံပြီးလူထုကို စည်းရုံးနိုင်စွမ်းလည်း မြင့်မားတဲ့သူ ဖြစ်တဲ့အတွက် ဆုံးရှုံးနစ်နာမှု ကြီးပါတယ်ဗျ။“
ထို့ပြင် ကိုဇင်အောင်၏ တော်လှန်ရေးအပေါ် ယုံကြည်ချက် ခိုင်မာမှုနှင့် တော်လှန်ရေးအပေါ် ရှုမြင်သုံးသပ်မှုကောင်းစွာ ရှိခြင်းတို့အား ကိုခန့်ဝေဖြိုးက ဆက်လက် ပြောသည်။
“ဒီအာဏာသိမ်းကာလမှာ ကိုဇင်အောင်ဟာ ရွှေဘိုနဲ့ ဒီပဲယင်းနယ်တွေမှာ လူထုသပိတ်တိုက်ပွဲတွေကို ယုံယုံကြည်ကြည်နဲ့ ဦးဆောင်မှု ပေးခဲ့တဲ့သူတွေထဲက တစ်ယောက်ပါ။
ပြီးတော့ လက်နက်ကိုင်ပြီး တော်လှန်မှ စစ်အာဏာရှင်တွေ ပြုတ်ကျမယ်ဆိုတာ သိလာတဲ့နောက်မှာလည်း အခြေခံစစ်ပညာကို သေချာသင်ယူပြီး ရွှေဘိုခရိုင် အမှတ်(၉) တပ်ရင်းမှာ ဒုတပ်ရင်းမှူး တာဝန်ယူပြီး စစ်ကောင်စီတပ်တွေကို အထိနာအောင် တိုက်နိုင်တာကို ကျွန်တော်တို့ တွေ့ရပါတယ်။
အခုလို အကြမ်းဖက် စစ်တပ် လက်ချက်ကြောင့် မကျခင် ရက်ပိုင်းတုန်းကလည်း လူထုသပိတ်တိုက်ပွဲတွေ လိုအပ်နေဆဲဆိုတာကို ယုံယုံကြည်ကြည် ပြောခဲ့ပါတယ် “
လက်နက်ကိုင်တိုက်ပွဲများ နိုင်ငံအနှံ့တွင် ပေါ်ပေါက်နေသော်လည်း တစ်ဖက်တွင် လူထုသပိတ်များ အရေးကြီးသောကြောင့် ကိုဇင်အောင်သည် မကျဆုံးခင် ၂ ရက်အလိုအထိ ရေဦးမြို့နယ် လူထုသပိတ်ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်ဟောပြောခဲ့သေးသည်ဟု ဒီပဲယင်းမြို့နယ်သပိတ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
နေအိမ်သောင်းချီပြီး မီးရှို့ဖျက်ဆီးခံထားရကာ ပြာပုံအတိ ဘဝများစွာ ရောက်ရှိခဲ့ရသည့် စစ်ကိုင်းတိုင်းကဲ့သို့ဒေသတွင် ပြည်သူများ တော်လှန်ရေးအပေါ် စိတ်မကွက်သွားရန်၊ စိတ်မပျက်သွားရန် များစွာ လိုအပ်မှန်း လူငယ်ဦးဆောင်သူများ သိရှိနားလည်ကြသည်။
ထို့ကြောင့် ပြည်သူများ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိ အမြဲရှိနေရန် လူထုသပိတ်ဆန္ဒထုတ်ဖော်ပွဲနှင့်ဟောပြောပွဲများကို လူငယ်များက တိုက်ပွဲများနှင့်အတူ ပူးတွဲဖော်ဆောင်နေကြခြင်းဖြစ်သည်။
အပြောအဟောကောင်းပြီး တကယ့်မြေပြင်တိုက်ပွဲများတွင်လည်း ကိုယ်တိုင်ပါဝင် တိုက်ပွဲဝင်နေခဲ့သည့် ကိုဇင်အောင်တို့လို လူငယ်များစွာ ရှိနေ၍ စစ်တိုင်းသည် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကို အများဆုံး ခံနေရသော်လည်း လူထုပါဝင်မှုနှင့် တော်လှန်ရေးအရှိန်သည် ယုတ်လျော့မှုမရှိခြင်းဖြစ်သည်။