မိုင်းအကျန် ပေါက်ကွဲမှုကြောင့် လေးကေ့ကော်ဒေသခံ သုံးဦး ဒဏ်ရာရ
*************
ဖေဖော်၀ါရီ ၁၀၊ ၂၀၂၃။
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီး ထီးမယ်၀ါးခီး−ဖလူးကျေးရွာ လမ်းပိုင်းတစ်နေရာတွင် ပြောင်းစိုက်ရန် ရှင်းလင်းနေချိန် မိုင်းအကျန်တစ်လုံး ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပေါက်ကွဲမှုကြောင့် လေးကေ့ကော်ဒေသခံ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည် ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်၀ါရီ ၈ ရက် ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီကျော်အချိန်တွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့်အခြေနေရှိသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
၄င်းက “ သူတို့တောင်ယာက ဖလူးနဲ့ ထီးမယ်၀ါးလမ်းကြားမှဖြစ်တာ။ မနှစ်ကတောင်ယာမစိုက်ရတော့ ဒီနှစ်ပြောင်းစိုက်ဖို့အတွက်မြတ်တွေလည်းထူနေတော့မြတ်တွေမီးရှို့ရှင်းတယ်။ သူများတောင်ယာဘက်ကို မီးကူးမှာကြောက်လို့ မီးသတ်နေချိန် ထပေါက်ကွဲတာ ” ဟု ပြောသည်
အခြားထိခိုက်ဒဏ်ရာရသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ မစိုးရိမ်ရဟု ၄င်းက ဆက်ပြောသည်။
အဆိုပါ လက်ကျန်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့် အသက် ၅၀ ၀န်းကျင်အရွယ် အမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်။
ပြီးခဲ့သည်နှစ် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များက ပြည်သူများအား ကျေးရွာအတွင်း ပြန်လည်၀င်ရောက်နေထိုင်နိုင်ပြီဟု ကြေညာထားခြင်း ဖြစ်သည်။
လတ်တလော KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲစစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်များ ဂိတ်ချထားသည့်အတွက် ထီးမယ်၀ါးခီးကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများ နေရပ်ပြန်လည်နေထိုင်ရန် စိုးရိမ်နေကြသည်။