![]()
အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ ဒေါ်လာဘီလီယံနှင့်ချီ လိမ်လည်နေသည့် တရုတ်နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများကို ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အရှိန်အဟုန်မြှင့် နှိမ်နင်းသွားမည်ဟု အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှပစိဖိတ်မီဒီယာဌာနက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် FBI ၏ အပြည်ပြည်ဆိုင်ရာ စစ်ဆင်ရေးဌာနခွဲမှ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး စကော့တ် ရှဲလ်ဘဲလ် (Scott Schelble) က အရှေ့တောင်အာရှအတွင်းရှိ ငွေလိမ်ဂိုဏ်းကြီးများ (Scam Centers) ၏ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်အတွက် FBI က မည်သို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း ရှင်းပြခဲ့ခြင်းဖြစ်သည်။
စကော့တ် ရှဲလ်ဘဲလ် (Scott Schelble) သည် မကြာသေးမီက ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဒေသတွင်း တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကာ ထိုခရီးစဉ်အတွေ့အကြုံများကို သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း ရာဇဝတ်ဂိုဏ်းများသည် ခေတ်မီနည်းပညာနှင့် အရင်းအမြစ် အမြောက်အမြားကို အသုံးပြုကာ စနစ်တကျ လုပ်ဆောင်နေသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
ငွေလိမ်လုပ်ငန်း (Scam Centers) များသည် သာမန်ရာဇဝတ်မှုအဆင့်ထက်ကျော်လွန်ကာ စက်မှုလက်မှုလုပ်ငန်းကြီးတစ်ခုသဖွယ် အကြီးအကျယ် ကျယ်ပြန့်လာနေပြီး လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုများနှင့်ပါ ဆက်နွှယ်နေကြောင်း Scott Schelble က သတိပေးသည်။
“ဒါတွေက သာမန် ရာဇဝတ်မှုအသေးစားလေးတွေ မဟုတ်ပါဘူး။ နယ်စပ်ဖြတ်ကျော်မှု၊ နည်းပညာနဲ့ အားနည်းတဲ့သူတွေကို အသုံးချပြီး အကျိုးအမြတ် အမြောက်အမြား ရှာဖွေနေတဲ့ ခေတ်မီ ရာဇဝတ်လုပ်ငန်းစုကြီးတွေ ဖြစ်ပါတယ်” ဟု ရှဲလ်ဘဲလ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
FBI အနေဖြင့် လက်ရှိတွင် ထိုင်းနိုင်ငံရဲတပ်ဖွဲ့ (RTP) နှင့် နီးကပ်စွာ ပူးပေါင်းနေပြီး FBI အေးဂျင့်များကို ထိုင်းနိုင်ငံအတွင်း တိုက်ရိုက်စေလွှတ်ကာ စစ်ဆင်ရေးများ ဆောင်ရွက်နေပြီ ဖြစ်သည်။
ထို့အပြင် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများရှိ သက်ဆိုင်ရာ လုံခြုံရေးဝန်ကြီးဌာနများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ‘Scam Compounds’ ဟု ခေါ်သည့် ငွေလိမ်ဂိုဏ်းအခြေစိုက် ဝင်းများကို ဆက်လက်နှိမ်နင်းရန် စီစဉ်နေသည်။
အဆိုပါ လုပ်ငန်းများ၏ နောက်ကွယ်တွင် တသက်တာစုဆောင်းငွေများ ဆုံးရှုံးလိုက်ရသည့် အမေရိကန်နိုင်ငံသားများရှိသလို၊ အတင်းအဓမ္မ ခိုင်းစေခံရသည့် လူကုန်ကူးခံရသူ မြောက်မြားစွာလည်း ရှိနေကြောင်း သိရသည်။
FBI ၏ အင်တာနက် ရာဇဝတ်မှု တိုင်ကြားရေးဌာန (IC3) မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာအတွင်း အွန်လိုင်းငွေလိမ်လည်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှုပေါင်း ၈၀,၀၀၀ ကျော် အထိ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လိမ်လည်မှုများကြောင့် အမေရိကန်နိုင်ငံသားများ၏ ဆုံးရှုံးခဲ့ရသည့် စုစုပေါင်း ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံကျော် အထိ ရှိနေပြီး ယင်းမှာ စံချိန်တင် မြင့်မားသည့် ပမာဏလည်း ဖြစ်သည်။
အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် သားကောင်ဖြစ်သူနှင့် ဦးစွာ ရင်းနှီးမှုရယူကာ ယုံကြည်မှု တည်ဆောက်ပြီးမှ ငွေကြေးအမြောက်အမြား လိမ်လည်ယူဆောင်သည့် “Pig Butchering” (ဝက်သတ်ခြင်း) ဟု ခေါ်ဆိုသော နည်းလမ်းကို အဓိက အသုံးပြုနေကြကြောင်း FBI က အထူးသတိပေးထားသည်။
FBI အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်မှုများ၊ နာမည်ကြီး ဘဏ်များကို တုပထားသည့် ဝက်ဘ်ဆိုက်များနှင့် မသင်္ကာဖွယ်ရာ Application များကို သတိပြုရန် ပြည်သူများကို တိုက်တွန်းထားသည်။
“ကျွန်တော်တို့ရဲ့ သတင်းစကားက ရှင်းပါတယ်။ နယ်စပ်စည်းခြားမှုတွေဟာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ရာဇဝတ်ကောင်တွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ ဘယ်မှာရှိနေလဲဆိုတာ ကျွန်တော်တို့သိပြီး လာရောက်ဖမ်းဆီးမှာ ဖြစ်ပါတယ်” ရှဲလ်ဘဲလ်က ရာဇဝတ်ဂိုဏ်းများကို ပြင်းထန်စွာ သတိပေးခဲ့သည်။
#အရှေ့တောင်အာရှ #တရုတ်ငွေလိမ်ဂိုဏ်း #FBI #အရှိန်အဟုန်မြှင့် #နှိမ်နင်း #ThanLwinKhetNews
