![]()
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်သဘောတူညီချက် ရယူထားသည်မှာ နှစ်လပင်မပြည့်သေးမီ ကမ္ဘောဒီးယားတပ်ဖွဲ့ဘက်က ၄၀ မမ ဗုံးသီးဖြင့် စတင်ပစ်ခတ်မှုကြောင့် နယ်စပ်တင်းမာမှု ပြန်လည်မြင့်တက်လာခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
စီစခက်ခရိုင် (Si Sa Ket) အတွင်း တနင်္လာနေ့နံနက်ပိုင်းက ပုံမှန်ကင်းလှည့်နေသည့် ထိုင်းတပ်ဖွဲ့ဝင်များရှိရာသို့ ကမ္ဘောဒီးယားဘက်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းတော်ဝင်ကြည်းတပ်က ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းများ (Rules of Engagement) နှင့်အညီ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။
ထိုင်းကြည်းတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း ဆူဝါရီ (Maj. Gen. Winthai Suvaree) ၏ ပြောကြားချက်အရ အဆိုပါပစ်ခတ်မှုသည် ဖေဖော်ဝါရီ ၂၃ ရက် (တနင်္လာနေ့) နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် စီစခက်ခရိုင်၊ ဖလန်ဟင်ပဲကွန် (Phlan Hin Paet Kon) အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းဒေသမှာ စူရနာရီ စစ်ဆင်ရေးတပ်ဖွဲ့ (Suranaree Task Force) က တာဝန်ယူထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။
ကမ္ဘောဒီးယားဘက်မှ ပစ်ခတ်လိုက်သည့် ၄၀ မမ ဗုံးသီးတစ်လုံးသည် ထိုင်းကင်းလှည့်စခန်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုင်းတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။
ယင်းသို့ ရန်စပစ်ခတ်ခံရပြီးနောက် ထိုင်းတပ်ဖွဲ့ဝင်များက မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် M79 ဗုံးပစ်လောင်ချာကို အသုံးပြုကာ ဗုံးသီးထွက်ပေါ်လာရာ ပစ်မှတ်သို့ ပြန်လည်ပစ်ခတ်ခဲ့သည်။
“ဒါဟာ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအတွက် စည်းကမ်းချက်တွေနဲ့အညီ သတိပေးတုံ့ပြန်တာ ဖြစ်ပါတယ်” ဟု ကြည်းတပ်က ရှင်းလင်းထားသည်။
ယခုဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က နှစ်ဖက်လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး ပူးတွဲသဘောတူညီချက်ကို ကမ္ဘောဒီးယားဘက်က ပေါ်ပေါ်ထင်ထင် ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဝင်းထိုင်းက ထောက်ပြသည်။
သို့သော်လည်း ကနဦးသုံးသပ်ချက်များအရ ၎င်းပစ်ခတ်မှုသည် တမင်တကာ တိုက်ခိုက်ခြင်းထက် ကမ္ဘောဒီးယားဘက်မှ အသစ်ရောက်ရှိလာသည့် တပ်လှည့်ကင်းများက နယ်မြေအခြေအနေနှင့် လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်မှုမရှိခြင်းကြောင့် ဖြစ်နိုင်သည်ဟု ထိုင်းဘက်က ယူဆထားသည်။
လက်ရှိတွင် ထိုင်းကြည်းတပ်သည် နယ်စပ်တစ်လျှောက် လုံခြုံရေးအစီအမံများကို တိုးမြှင့်ထားပြီး အရပ်သားများ ဘေးကင်းရေးအတွက် အထူးသတိပြု စောင့်ကြည့်လျက်ရှိသည်။
Ref: Khaosod
ပုံစာ – ထိုင်းကြည်းတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်းထိုင်း ဆူဝါရီ / Photo – Khasod
