![]()
ရခိုင်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားအများအပြား သေဆုံးနေရချိန်တွင် ထိုင်းလေတပ်ဦးစီးချုပ် ဆက်ဆန် ကန်တာ သည် နေပြည်တော်သို့သွားရောက်ကာ စစ်ကော်မရှင်နှင့်တွေ့ဆုံခဲ့သည်ဟု့ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်တွင် ထိုင်းတပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ခရီးစဉ်သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဈေးတစ်ခုအား စစ်ကော်မရှင်၏ တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ဖေဖော်ဝါရီလ၂၄ရက်နေ့တွင် အရပ်သား ၁၈ ဦး သေဆုံးခဲ့ရပြီး နောက်တစ်ရက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ယင်းမတိုင်မီ နှစ်ရက်ကလည်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အောက် ကလေးငယ် တစ်ဦးအပါအဝင် ကိုးဦး သေဆုံးခဲ့သည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံလေတပ်အကြား ဆက်ဆံရေးခိုင်မာစေရန်၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် သင်တန်းများအပါအဝင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုသာ အဓိကထား ဆွေးနွေးခဲ့ကြသည်။

စစ်ကော်မရှင်၏ မီဒီယာများအဆိုအရ နှစ်ဖက်စလုံးသည် လေတပ်ပူးတွဲလေ့ကျင့်ခန်းများနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ထိုင်းလေတပ်ဘက်ကမူ ၎င်းတို့အနေဖြင့် နိုင်ငံတော်အကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်ရေးအတွက် ပရော်ဖက်ရှင်နယ်ဆန်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဟုသာ ထုတ်ပြန်ထားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာပြည်သူများအပေါ် ကျရောက်နေသည့် လေကြောင်းအန္တရာယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ထည့်သွင်းစဉ်းစားခြင်း သို့မဟုတ် ကန့်ကွက်ခြင်း ရှိ၊ မရှိကိုမူ ထိုင်းလေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။
ပုံစာ-စစ်ကော်မရှင်ပိုင်မီဒီယာ
Ref: Khaosod News
