![]()
သံလွင်ခက်/ဖေဖော်ဝါရီ ၂၇။ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ကျောက်ငှက်-အုတ်တွင်း လမ်းပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ဓနုဒေသပြည်သူ့ကာကွယ်ရေး ၁၀၀၃ တပ်ရင်းက အလစ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းနှင့် ဆက်သွယ်ရေးစက်များ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် အဆိုပါ ကျောက်ငှက်-အုတ်တွင်း လမ်းပိုင်းတစ်လျှောက် ပတ်ကင်းလှည့်နေသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ၁၀၀၃ တပ်ရင်းက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ၁၀ ဦးခန့် နေရာ၌ပင် သေဆုံးခဲ့ပြီး နှစ်ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲအပြီးတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များထံမှ လက်နက်ငယ် ငါးလက်၊ ကျည်ဆန် ၆၀၀ ကျော်၊ အီနာဂါ တစ်လုံး၊ ကျည်အိမ် ၁၁ ခုနှင့် စစ်သုံးဆက်သွယ်ရေးစက်ကြီး တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ပုံစာ – ရွာငံကြားဖြတ်တိုက်ပွဲတွင် ရန်သူဆီမှ ရရှိထားသော လက်နက်များတွေ့ရစဉ် ( ဓါတ်ပုံ – Danu PDF)
အဆိုပါ တိုက်ပွဲတွင် ၁၀၀၃ တပ်ရင်းဘက်မှ ရဲဘော် တစ်ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သော်လည်း အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
၁၀၀၃ တပ်ရင်းအနေဖြင့် စစ်ကော်မရှင်ကို တော်လှန်တိုက်ခိုက်ရာတွင် အရပ်သားပြည်သူများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်လည်း တိုက်ပွဲဇုန်အတွင်း အရပ်သားယာဉ်တစ်စီး မောင်းဝင်လာသဖြင့် ပြည်သူများ ထိခိုက်မည်စိုး၍ ပစ်ခတ်မှု ရပ်တန့်ပေးခဲ့ရာ ရန်သူ ၅ ဦး လွတ်မြောက်သွားခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကော်မရှင်နှင့် ၎င်းတို့၏ ဒေါက်တိုင်များရှိရာ နေရာများနှင့် ဝေးဝေးနေထိုင်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားချိန်တွင် ဘေးလွတ်ရာသို့ သတိဝီရိယဖြင့် ပုန်းရှောင်ကြရန် ၁၀၀၃ တပ်ရင်းက မေတ္တာရပ်ခံထားသည်။
ထို့အပြင် ဖေဖော်ဝါရီ ၈ ရက်ကလည်း ရွာငံမြို့နယ်၊ မျှားကလေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို ၁၀၀၃ တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ၊ စစ်ကော်မရှင်ဘက်မှ ထိခိုက်သူများကို နာရေးကူညီမှုယာဉ်များဖြင့် သယ်ဆောင်သွားခဲ့ရကြောင်း သိရသည်။

ပုံစာ – ရွာငံကြားဖြတ်တိုက်ပွဲတွင် ရန်သူဆီမှ ရရှိထားသော လက်နက်များတွေ့ရစဉ် ( ဓါတ်ပုံ – Danu PDF)
#ရွာငံ #ကြားဖြတ်တိုက်ပွဲ #စစ်ကော်မရှင်ဗိုလ် #သေဆုံး #ThanLwinKhetNews
