![]()
အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA တို့သည် ယမန်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် တော်လှန်ရေးအင်အားစုများအကြား အပြန်အလှန် အသိအမှတ်ပြုရန်နှင့် ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဖြင့် ဖြေရှင်းရန် သဘောတူညီချက် ရရှိခဲ့သည်ဟု နှစ်ဖက်စလုံးက ထုတ်ပြန်သည်။
အဆိုပါ တွေ့ဆုံပွဲသို့ NUG ဘက်မှ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အပါအဝင် ပြည်ထောင်စုဝန်ကြီး ငါးဦး တက်ရောက်ခဲ့ပြီး SRA ဘက်မှ ခေါင်းဆောင်များလည်း စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲကို ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီ ၄၅ မိနစ်အထိ Zoom ပလက်ဖောင်းမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုတွေ့ဆုံမှုတွင် SRA အဖွဲ့ဝင်များ၏ အရေးကိစ္စများသာမက SRA ထဲ၌ မပါဝင်သေးသော အခြားတပ်ဖွဲ့များ၏ အနာဂတ်နှင့် ပတ်သက်၍လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အထူးသဖြင့် NUG လက်အောက်ခံမဟုတ်သော အခြားသော တော်လှန်ရေးတပ်ဖွဲ့များအပေါ် NUG ၏ ထားရှိသည့် သဘောထားကိုလည်း မေးမြန်းအတည်ပြုနိုင်ခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက လူမှုကွန်ရက်တွင် အသိပေးထားသည်။
“NUG နဲ့ SRA အကြား အပြန်အလှန် အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်သော ညီညွတ်ရေးကို အတူတကွ တည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်တွင် မှတ်ချက်ပြုထားသည်။
တွေ့ဆုံပွဲတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းခဲ့ပြီး စစ်ဆင်ရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်ဖက်အကြား ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရန် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ကြသည်။
ယခုတွေ့ဆုံမှုမှတစ်ဆင့် မြေပြင်တွင် ဖြစ်ပွားလေ့ရှိသော တော်လှန်ရေးအဖွဲ့အစည်းများအကြား ပွတ်တိုက်မှုများကို လျှော့ချနိုင်ပြီး ပိုမိုခိုင်မာသော စစ်ရေးမဟာမိတ် တည်ဆောက်လာနိုင်မည်ဟု ယူဆနေကြသည်။
ပုံစာ – BPLA သင်တန်းဆင်းပွဲတစ်ခုမှ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PSLF/TNLA နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့အား တွေ့ရစဉ် (ဓာတ်ပုံ- BPLA)
#NUG #SRA #ညီညွတ်ရေး #ThanLwinKhetNews
