![]()
ကျူးဘားမြောက်ဘက်ကမ်းရိုးတန်းအနီးတွင် အမေရိကန်မှတ်ပုံတင်ထားသော အမြန်နှုန်းမြှင့်စက်လှေတစ်စီးကို ကျူးဘားကမ်းခြေစောင့်တပ်က ပစ်ခတ်ခဲ့ရာ အမေရိကန်အခြေစိုက် ကျူးဘားနိုင်ငံသား ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခုကြောင့် အမေရိကန်နှင့် ကျူးဘားအကြား နိုင်ငံရေးတင်းမာမှုများ တစ်ကျော့ပြန် အရှိန်မြင့်တက်လာခဲ့သည်။
ကျူးဘားအစိုးရက အဆိုပါဖြစ်စဉ်ကို “အကြမ်းဖက်ရန် ကြံစည်မှု” ဟု တံဆိပ်ကပ်လိုက်သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကမူ ယင်းသည် ပုံမှန်မဟုတ်သော အခြေအနေဖြစ်ကြောင်းနှင့် သီးခြားလွတ်လပ်စွာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တုံ့ပြန်လိုက်သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဗီလာကလာရာ (Villa Clara) ပြည်နယ်၊ ကာယိုဖယ်လ်ကိုနက်စ် (Cayo Falcones) အနီးတွင် ဖလော်ရီဒါ၌ မှတ်ပုံတင်ထားသော စက်လှေတစ်စီးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျူးဘားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၎င်းတို့၏ ထုတ်ပြန်ချက်အရ ကျူးဘားကမ်းခြေစောင့်တပ်ဖွဲ့က စစ်ဆေးရန် ချဉ်းကပ်စဉ် စက်လှေပေါ်ပါလာသူများက စတင်ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ခုခံပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
စက်လှေပေါ်တွင် လူ ၁၀ ဦး ပါဝင်ပြီး ၄ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့သည်။
ထို့ပြင် အဆိုပါစက်လှေပေါ်မှ တိုက်ခိုက်ရေးရိုင်ဖယ်များ၊ လက်လုပ်ဗုံးများနှင့် စစ်ဘက်သုံးပစ္စည်းများကို သိမ်းဆည်းရမိကြောင်း ကျူးဘားဘက်က ဆိုသော်လည်း ယင်းအချက်အလက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန်အစိုးရဝန်ထမ်းများ ပါဝင်ခြင်းမရှိကြောင်း အတည်ပြုခဲ့သော်လည်း ကျူးဘား၏ ထုတ်ပြန်ချက်ကို အပြည့်အဝ ယုံကြည်ရန် ငြင်းဆိုခဲ့သည်။
“ပင်လယ်ပြင်ထဲမှာ ဒီလိုမျိုး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တာက နေ့တိုင်းဖြစ်နေကျကိစ္စ မဟုတ်ပါဘူး၊ အရမ်းကို ထူးဆန်းပါတယ်” ဟု ၎င်းက စိန့်ကစ်နှင့် နီးဗစ်ကျွန်းနိုင်ငံသို့ ရောက်ရှိစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဖလော်ရီဒါပြည်နယ်မှ လွှတ်တော်အမတ်များဖြစ်ကြသည့် ကားလို့စ်ဂင်းမတ်ဇ် နှင့် ရစ်ခ်စကော့တို့ကမူ ယခုဖြစ်စဉ်ကို “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (Massacre)” အဖြစ် တင်စားကာ ကျူးဘားကွန်မြူနစ်အစိုးရကို တာဝန်ခံခိုင်းရန် ဝါရှင်တန်ကို တိုက်တွန်းထားသည်။
ယခုဖြစ်စဉ်သည် ကျူးဘားနိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှုနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားနိုင်ခြေရှိနေချိန်၊ အမေရိကန်က ကျူးဘား၏ မဟာမိတ် ဗင်နီဇွဲလားအပေါ် ပိတ်ဆို့မှုများ တိုးမြှင့်ထားချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
အမေရိကန်အခြေစိုက် ကျူးဘားအနွယ်ဝင်များ၏ လှုပ်ရှားမှုအပေါ် ကျူးဘားအစိုးရက အမြဲတစေ စိုးရိမ်မကင်းဖြစ်နေသည့် အခြေအနေလည်း ရှိနေသည်။
လက်ရှိတွင် အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့သည် ဖြစ်စဉ်ဖြစ်ပွားရာ ရေပြင်အနီးသို့ ရောက်ရှိနေပြီး အခြေအနေကို စောင့်ကြည့်လျက်ရှိသည်။
Ref: BBC
ပုံစာ – မာကိုရူဘီယို ဘရက်ဒ်ရှော နိုင်ငံတကာ လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(ဓာတ်ပုံ – Jonathan Ernst/Pool/AFP/Getty Images)
