![]()
မူယန်း
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းကကျေးရွာအတွင်းရှိ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် မိုးဗြဲမြို့အနီးရှိ လွယ်ယင်းမင်္ဂလာကျေးရွာအတွင်းသို့ စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်များ ဝင်ရောက်ကာ ပြည်သူ့နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း MBPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ လာမောက်လာရွာနှင့် လွယ်ယင်းမင်္ဂလာကျေးရွာအတွင်း စစ်ကောင်စီနှင့် PNO ပူးပေါင်းစစ်ကြောင်းက နယ်မြေစိုးမိုးရေးအတွက် အင်အားအလုံးအရင်းဖြင့် ဆက်လက်ထိုးစစ်ဆင်နေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ကာ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် နှစ်နာရီကြာ အပြင်းအထန်ထိုးစစ်ဆင်ခဲ့သဖြင့် တော်လှန်ရေးအင်အားစုဘက်မှ ကာကင်းစခန်းတစ်ခု ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာဝန်ရှိသူတစ်ဦးက “ဒီရက်ပိုင်း စစ်တပ်ဘက်က အတော်လေး နေရာယူပြီး ပိုလှုပ်ရှားလာတာကို တွေ့ရတယ်။ ဟိုရက်ကဆိုလည်း စစ်ရှောင်တွေဘက်ကို မီးလောင်ဗုံးတွေနဲ့ချ။ တော်သေးလို့ ဘေးပတ်ဝန်းကျင်မှာပဲကျတာ” ဟု သံလွင်ခက်ကို ပြောသည်။
၎င်းတို့သည် ဒရုန်းများနှင့် လက်နက်ကြီးများကို အသုံးပြုကာ စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထား ရမ်းသမ်းပစ်ခတ်နေသဖြင့် ကန့်သတ်နယ်မြေအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထူးသတိပေး ထုတ်ပြန်ထားသည်။
မိုးဗြဲမြို့သည် ပင်လောင်း၊ ဖယ်ခုံ နှင့် လွိုင်ကော်လမ်းကြောင်းပေါ်တွင် တည်ရှိပြီး ကရင်နီပြည်နယ်၏ တံခါးပေါက်သဖွယ် စစ်ရေးအရ ဗျူဟာမြောက် အချက်အချာကျသည့် ဒေသတစ်ခုဖြစ်သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လမှစတင်ကာ ခြောက်လကြာ ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က မိုးဗြဲမြို့ပေါ်ရပ်ကွက်အများစုကို ပြန်လည်ထိန်းချုပ်ကာ တပ်စွဲထားခြင်းဖြစ်သည်။
ထိုသို့ အပြန်အလှန် နယ်မြေထိန်းချုပ်ရန် ကြိုးပမ်းမှုများအတွင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် သံလွင်တံတား (ဖားဆောင်း) နှင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပွန်ချောင်းတံတားတို့ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။
ယနေ့တွင်လည်း သံလွင်တံတား (ဖားဆောင်း) သည် ဒုတိယအကြိမ်မြောက် ထပ်မံမိုင်းခွဲဖျက်ဆီးခြင်း ခံထားရသည်ဟု သိရသည်။
စစ်ကော်မရှင်ဘက်ကမူ ယင်းလုပ်ရပ်များကို တော်လှန်ရေးအင်အားစုများဖြစ်သည့် (KNPP, KNDF နှင့် PDF) တို့ က စစ်ကြောင်းထိုးမှုများကို ဟန့်တားရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။
ကရင်နီဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များကမူ တံတားဖျက်ဆီးမှုများနှင့်ပတ်သက်၍ တစုံတရာ ထုတ်ပြန်အတည်ပြုခြင်းမရှိပေ။
ပုံစာ – စစ်ကောင်စီမှ မိုးဗြဲမြို့တွင်းရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံဟောင်း – KNDF)
#စစ်ကောင်စီ #PNO #ပူးပေါင်းစစ်ကြောင်း #မိုးဗြဲ #ပြည်သူ့နေအိမ် #မီးရှို့ #ThanLwinKhetNews
