![]()
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အာဟာရသုခဈေးတွင် ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၂၄၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။
မီးလောင်မှုမှာ ကင်ပွန်းတန်းကျေးရွာအုပ်စုရှိ အာဟာရသုခဈေး၊ ပွဲရုံ (ဂ) တန်း၊ ဆိုင်ခန်းအမှတ် (၇၄) ဖြစ်သော “သိန်းကမ္ဘာ” ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်ရှိ လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ပြီး နေပြည်တော်ရှိ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ် ၃၅ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
အဆိုပါ မီးငြှိမ်းသတ်မှုအခြေအနေကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်တို့က အနီးကပ်ကြီးကြပ်ခဲ့သည်ဟုဆိုသည်။
မီးလောင်မှုကို ည ၉ နာရီ ၂၅ မိနစ်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး ည ၁၀ နာရီခန့်တွင် လုံးဝငြှိမ်းသတ်နိုင်ခဲ့သော်လည်း အဆိုပါမီးလောင်မှုကြောင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၂၄၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။
ထို့နောက် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင် ဒုတိယဝန်ကြီးချုပ် ညိုစောသည် အခြား စစ်ခေါင်းဆောင်များဖြစ်သည့် အောင်လင်းဒွေး၊ သန်းထွန်းဦးတို့နဲ့အတူ မီးမှုဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။
ပျဉ်းမနားမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလ ၃၁ ရက် (နှစ်သစ်ကူးည) ကလည်း ပျဉ်းမနားမြို့၊ ရန်အောင် (၂) ရပ်ကွက်တွင် ပြင်းထန်သော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
အဆိုပါ ရန်အောင် (၂) ရပ်ကွက် မီးလောင်မှုတွင် ည ၇ နာရီခန့်မှစတင်ကာ တစ်အိမ်ပြီးတစ်အိမ် ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အိမ်ခြေ ၅၄ လုံး မီးထဲပါသွားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- MOI
