![]()
အရှေ့တောင်အာရှ၏ နာမည်ကျော် ခရီးသွားလုပ်ငန်းအချက်အချာနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကမ္ဘာတစ်ဝန်း တက္ကစီဂျင်းထည့်မှု (Taxi Scams) အများဆုံးဖြစ်ပွားရာ ဒေသများစာရင်းတွင် ပါဝင်နေကြောင်း ဗြိတိန်ခရီးသွားအာမခံဝန်ဆောင်မှုလုပ်ငန်း AllClear ၏ လေ့လာချက်အသစ်တစ်ခုတွင် ဖော်ပြထားသည်။
အဆိုပါသုတေသနအတွက် လူမှုကွန်ရက် Reddit ပေါ်ရှိ တက္ကစီလိမ်လည်မှုနှင့် ပတ်သက်သော ပို့စ်ပေါင်း ၄၅၀ ကျော်နှင့် မှတ်ချက် (Comment) ပေါင်း ၃၀,၀၀၀ ကျော်ကို လေ့လာဆန်းစစ်ခဲ့ပြီး ခရီးသွားများ တိုင်ကြားမှုအများဆုံးနိုင်ငံများကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
အစီရင်ခံစာအရ ထိုင်းနိုင်ငံသည် တိုင်ကြားမှုပေါင်း ၂,၁၆၉ ခုဖြင့် ကမ္ဘာ့အဆင့် ၃ နေရာတွင် ရှိနေပြီး၊ ဗီယက်နမ်နိုင်ငံက တိုင်ကြားမှု ၁,၇၄၁ ခုဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေသည်။
ဖိလစ်ပိုင်နိုင်ငံမှာမူ တိုင်ကြားမှု ၈၄၀ ဖြင့် အဆင့် ၁၃ နေရာတွင် ရှိကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းအပေါ် များစွာမှီခိုနေရသည့် ထိုင်းနိုင်ငံတွင် တက္ကစီယာဉ်မောင်းများသည် ခရီးသည်တင်ဆောင်ရာ၌ မီတာအသုံးမပြုဘဲ ၎င်းတို့ သတ်မှတ်ထားသည့် ဈေးနှုန်း (Flat Fare) ကို လက်ခံသည့် ခရီးသည်များကိုသာ ရွေးချယ်တင်ဆောင်လေ့ရှိကြောင်း ခရီးသွားများက ပြစ်တင်ဝေဖန်ထားသည်ဟု Bangkok Post သတင်းစာက ဖော်ပြသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် ယာဉ်မောင်းများသည် ဈေးနှုန်းများကို စိတ်ကြိုက်တိုးမြှင့် တောင်းခံနိုင်ခြင်းဖြစ်သည်။
အလားတူ ဗီယက်နမ်နိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သော ဟနွိုင်းနှင့် ဟိုချီမင်းစီးတီးတို့တွင်လည်း ခရီးသွားများအပေါ် ဈေးနှုန်းပိုမိုတောင်းခံသည့် ဖြစ်စဉ်များမှာ ယနေ့တိုင် အဖြစ်များနေဆဲဖြစ်သည်။
ကမ္ဘာတစ်ဝန်း တက္ကစီလိမ်လည်မှု အဆိုးရွားဆုံးနိုင်ငံအဖြစ် တူရကီနိုင်ငံက မှတ်ချက်ပေါင်း ၄,၂၂၄ ခုဖြင့် ထိပ်ဆုံး၌ ရှိနေပြီး၊ အိန္ဒိယနိုင်ငံက မှတ်ချက်ပေါင်း ၂,၃၀၁ ခုဖြင့် ဒုတိယနေရာတွင် ရှိနေသည်။
AllClear ၏ ပြန်ကြားရေးတာဝန်ခံ လက်တီရှာ စမစ် (Letitia Smith) က “ကျွန်မတို့ရဲ့ သုတေသနရလဒ်တွေအရ တက္ကစီလိမ်လည်မှုဆိုတာ နေရာမရွေး၊ အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ခရီးသွားတစ်ယောက်က ဒေသတွင်း ပေါက်ဈေးကို မသိဘူးလို့ ထင်ရတဲ့အခါမျိုးမှာ ပိုဖြစ်တတ်ပါတယ်” ဟု ဗြိတိန်သတင်းစာ The Independent သို့ ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “နိုင်ငံရပ်ခြားမှာ တက္ကစီစီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် ကားပေါ်မတက်ခင်မှာ ဒေသတွင်း ပေါက်ဈေးနဲ့ ခရီးစဉ်အတွက် ကျသင့်မယ့်နှုန်းထားကို ကြိုတင်စစ်ဆေးထားဖို့ အရေးကြီးပါတယ်။ တကယ်လို့ လိမ်လည်ခံရပြီဆိုရင်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဆီကို သတင်းပို့ တိုင်ကြားသင့်ပါတယ်” ဟု အကြံပြုထားသည်။
Ref: VN EXPRESS
ပုံစာ – ၂၀၂၄ ခုနှစ်၊ မေ ၂၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လမ်းမတစ်ခုပေါ်တွင် သွားလာနေသည့် အငှားယာဉ်များနှင့် မော်တော်ယာဉ်များကို တွေ့ရစဉ်။ (Photo: AFP)
