![]()
နှောင်း
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်ရှိ SANYAN OUTDOOR (စန်းရန်) အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် အလုပ်သမား ၇၀၀ ခန့်က ယနေ့တွင် တတိယမြောက်နေ့အဖြစ် ဆက်လက်တောင်းဆိုနေကြပြီး အလုပ်ရှင်ဘက်ကမူ စက်ရုံပိတ်သိမ်းမည်ဟု ခြိမ်းခြောက်ကာ ဖိအားပေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်မှစတင်ကာ အခြေခံဒေးကြေး ၁၂,၅၀၀ ကျပ်နှင့် အခြားခံစားခွင့်များ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း၊ ဖေဖော်ဝါရီ ၂၄ ရက် ညှိနှိုင်းမှုတွင် စက်ရုံမန်နေဂျာက အခြေခံလစာ တိုးမြှင့်ပေးမည့်အစား တစ်ရက်လျှင် “မုန့်ဖိုး” အဖြစ် ၁၀၀ ကျပ်သာ တိုးပေးနိုင်မည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
ယင်းကမ်းလှမ်းမှုကို အလုပ်သမားများက လက်မခံဘဲ ငြင်းပယ်ခဲ့ကြသည်။
“သက်ဆိုင်ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွေက ညှိနှိုင်းပေးပေမဲ့ ပြေလည်မှုမရတာဟာ အလုပ်ရှင်ရဲ့ ချိုးဖောက်မှုကို ထိရောက်စွာ အရေးမယူနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါဟာ စည်းကြပ်တဲ့ဌာနရဲ့ တာဝန်ပျက်ကွက်မှုပါပဲ” ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်မြန်မာ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
တောင်းဆိုမှု တတိယမြောက်နေ့ဖြစ်သည့် ယနေ့တွင် စက်ရုံတာဝန်ရှိသူ ဒေါ်ပပဝင်းက “ဆက်လက်တောင်းဆိုပါက စက်ရုံပိတ်ပစ်မည်” ဟု ပြောကြားခဲ့သကဲ့သို့၊ HR တာဝန်ခံ ဒေါ်သင်းသင်းဆွေကလည်း လုပ်ငန်းခွင်ပြန်မဝင်သူများကို အလုပ်မှ ထုတ်ပမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အလုပ်သမားအရေး ဦးဆောင်သူများထံက သိရသည်။
ထို့အပြင် လုပ်ငန်းခွင်အတွင်း နားနေစဉ် အသုံးပြုခဲ့သည့် ကတ္ထူဖာများအတွက် လျော်ကြေးတောင်းမည်ဟုဆိုကာ ရဲတပ်ဖွဲ့ကို တိုင်ကြားမည်ဟုပါ ဖိအားပေးမှုများ ရှိနေသည်။
မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပါ ပြဋ္ဌာန်းချက်များအရ အငြင်းပွားမှုများကို ညှိနှိုင်းနေစဉ်ကာလအတွင်း အလုပ်သမားများကို အလုပ်မှ ထုတ်ပယ်ခြင်း သို့မဟုတ် စက်ရုံပိတ်သိမ်းမည်ဟု ခြိမ်းခြောက်ခြင်းသည် ကို ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။
လက်ရှိအခြေအနေတွင် အလုပ်သမားအချို့ လုပ်ငန်းခွင် ပြန်ဝင်သွားသော်လည်း၊ အများစုမှာမူ ၎င်းတို့၏ တောင်းဆိုချက်များ မရမချင်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု သိရသည်။
Sinsay နှင့် SNSY OUTWEAR ကဲ့သို့ နာမည်ကြီး Brand များကို ချုပ်လုပ်နေသည့် အဆိုပါစက်ရုံတွင် အလုပ်လုပ်သက် ၃ လမပြည့်သေးသည့် အလုပ်သမားများကို အလုပ်မှ ထုတ်ပယ်ရန် စက်ရုံဘက်က ကြိုးပမ်းနေကြောင်း နောက်ဆုံးရ သတင်း ထွက်ပေါ်နေသည်။
အလုပ်ရှင်အများစုက “အစမ်းခန့်ကာလ ၃ လအတွင်း အလုပ်စွမ်းဆောင်ရည်မပြည့်ဝ၍ ထုတ်ပယ်ခြင်း” ဟု အကြောင်းပြလေ့ရှိသော်လည်း၊ ယခုကဲ့သို့ စုပေါင်းတောင်းဆိုမှု ပြုလုပ်နေစဉ်အတွင်း ထုတ်ပယ်ခြင်းမှာ အလုပ်သမားအခွင့်အရေးကို ချိုးဖောက်ပိတ်ပင်ခြင်းဖြစ်သည်။
ပုံစာ- ဝါးတစ်ရာမှ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်နေစဉ်/ဖေဖော်ဝါရီ ၂၃
Photo – Shwe Pyi Thar Township Garment Union
