![]()
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ပြည်သူ့နေအိမ်များနှင့် ဆန်စက်များကို လိုက်လံမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ “မီးရှို့ကိုကို” ဟု အမည်ထွက်နေသည့် ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးသွားကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်သည်။
သေဆုံးသူ ဗိုလ်ကျော်ကိုကိုဦးသည် ရန်ကုန်အခြေစိုက် တမဟ-၄ မှဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းက ခင်ဦး-ရွှေဘို နယ်စပ်တိုက်ပွဲ၌ သေဆုံးခဲ့သည့် ဗိုလ်ကြီးမင်းထက်၏ နေရာတွင် အစားထိုးဝင်ရောက်လာသည့် အဖွဲ့သစ်မှ ဖြစ်ကြောင်း သိရသည်။
၎င်းသည် ဒေသခံပြည်သူများအကြား လှည့်လည်သွားလာရာတွင် မိမိကိုယ်ကိုယ် “မီးရှို့ကိုကို” ဟု ကြွေးကြော်ကာ လူထုကို ခြိမ်းခြောက်လေ့ရှိသူလည်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၆ နာရီခန့်တွင် ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြုထားသည့် စစ်ကောင်စီတပ်သား ၄၀ ခန့်သည် သံချပ်ကာကားတစ်စီးကို အကာအကွယ်ယူကာ ခင်ဦး-ရေဦး ကားလမ်းတစ်လျှောက်ရှိ ပြည်သူ့နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ် ၅ လုံး၊ ဆိုင်ခန်း ၂ လုံးနှင့် ဆန်စက်အကြီး ၂ လုံး၊ စုစုပေါင်း အဆောက်အအုံ ၉ လုံး မီးလောင်ပြာကျခဲ့ရသည်။
ယင်းသို့ မီးရှို့နေသည့် စစ်ကြောင်းကို ခင်ဦးမြို့နယ် ပကဖ၊ UG ပကဖ နှင့် တိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ နာရီပိုင်းအကြာ ထိပ်တိုက်တိုက်ပွဲ ပြင်းထန်ခဲ့သည်။
တိုက်ပွဲအတွင်း ဗိုလ်ကျော်ကိုကိုဦး (ခေါ်) “မီးရှို့ကိုကို” မှာ သေဆုံးခဲ့ပြီး အခြားတပ်သားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများဘက်မှ အထိအခိုက်မရှိဘဲ သေဆုံးသူ ဗိုလ်ကြီးထံမှ MA-1 သေနတ်
တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ဒေသခံများအကြားတွင် ပြည်သူများကို ခြိမ်းခြောက်ကာ “မီးရှို့ကိုကို” ဟု အမည်ပေးထားသည့် ဗိုလ်ကျော်ကိုကိုဦး၏ ရုပ်အလောင်းကို ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) မွန်းလွဲ ၁ နာရီတွင် ခင်ဦးမြို့ တောင်သုသာန်၌ မီးရှို့သဂြိုဟ်ခဲ့သည်ဟု ခင်းဦး ပအဖ ဘက်က ဖော်ပြထားသည်။
Photo crd – ခင်ဦးပကဖအဖွဲ့
