![]()
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်အတွင်းမှ မြန်မာနိုင်ငံဘက်သို့ ဖုန်းလိုင်းများ တရားမဝင် ခိုးယူလွှင့်ထုတ်နေသည့် ဆက်သွယ်ရေးတာဝါတိုင်များကို ထိုင်းစစ်တပ်နှင့် အမျိုးသားရုပ်သံနှင့် ဆက်သွယ်ရေး ကော်မရှင်(NBTC)တို့ ပူးပေါင်း၍ ယမန်နေ့(ဖေဖော်ဝါရီ ၂၅)တွင် ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသော မြန်မာနိုင်ငံဘက်ခြမ်းရှိ ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသအတွင်းသို့ တရားမဝင် ဖုန်းလိုင်းများ လွှင့်ထုတ်နေသည်ဟု သတင်းပေးပို့ချက်ရရှိခဲ့ပြီးနောက် ဆူရစီ(Surasi)တပ်ဖွဲ့မှူး ဗိုလ်ချုပ်Natpong Asawinwongနှင့် ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးမှူး Ms. Warittha Sanguansermsri တို့က စစ်ဆေးမှုများပြုလုပ်ရန် သက်ဆိုင်ရာတပ်ဖွဲ့များအား ညွှန်ကြားခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ဆေးမှုကို လတ်ယာ(Lat Ya)အထူးတပ်ဖွဲ့၊ NBTC ဒေသ(၁)နှင့် စံခလဘူရီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ထုံဖာဖွန်(Thong Pha Phum)ခရိုင်တရားရုံး၏ ရှာဖွေခွင့်ဝရမ်းဖြင့် အဆိုပါနေရာများသို့ ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

၎င်းပူးပေါင်းအဖွဲ့သည် စံခလဘူရီမြို့နယ်၊ နောင်လူ (Nong Lu)ကျေးရွာအုပ်စု၊ ကျေးရွာအမှတ်(၉)၊ Kaset(၈)လမ်းသွယ်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာတွင် ပုဂ္ဂလိက ဖုန်းဆက်သွယ်ရေး တာဝါတိုင်တစ်ခုကို တွေ့ရှိခဲ့ပြီး အင်တာနာတိုင်များကို မြန်မာနိုင်ငံဘက်ခြမ်းသို့ ဦးတည်ကာ လှိုင်းများ ထုတ်လွှင့်နေသည့် အခြေအနေများကို စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းနောက်ပိုင်းစစ်ဆေးမှုများအရတွင် အဆိုပါတာဝါတိုင်သည် NBTC ထံမှ တရားဝင် လိုင်စင်/ခွင့်ပြုချက်ရယူထားခြင်းမရှိဟု ပေါ်ပေါက်ခဲ့သဖြင့် အင်တာနာတိုင် (၄) တိုင်၊ အချက်ပြထုတ်လွှင့်စက် (RRU) (၆) လုံး၊ လီသီယမ် ဘက်ထရီများနှင့် အခြား လျှပ်စစ်ဖြန့်ဖြူးရေး ဆက်စပ်ပစ္စည်းများ အပါအဝင် အရေးကြီး ဆက်သွယ်ရေးပစ္စည်းများကို သက်သေခံအဖြစ် အာဏာပိုင်များက သိမ်းဆည်းခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများကို စံခလဘူရီ မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများထံ လွှဲပြောင်းပေးအပ်ထားပြီး ပါဝင်ပတ်သက်သူများကို အရေးယူသွားမည်ဟု ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် နယ်စပ်တစ်လျှောက်တွင် ထိုင်းဖုန်းလိုင်းများကို တရားမဝင်နည်းလမ်းများဖြင့် အသုံးပြုနေမှုများ ထပ်မံမဖြစ်ပွားစေရန် တာဝါတိုင်များကို ချက်ချင်းဖျက်သိမ်းနိုင်ရေးအတွက် NBTC ဗဟိုရုံးချုပ်နှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
ကိုးကား/ဓါတ်ပုံ – Kanchanaburi News Team
