![]()
အရှေ့တောင်အာရှဒေသတွင်း အကြီးမားဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုဖြစ်သည့် “Cobra Gold 2026” ကို ထိုင်းနိုင်ငံတွင် စတင်ကျင်းပနေပြီ ဖြစ်သည်။

ယခုနှစ်တွင် ၄၅ ကြိမ်မြောက်အဖြစ် ရောက်ရှိလာပြီဖြစ်သော အဆိုပါပူးပေါင်းစစ်ရေးလေ့ကျင့်မှုသည် အင်ဒို-ပစိဖိတ်ဒေသ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အရေးပါသော မဏ္ဍိုင်တစ်ခုအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်ဟု စစ်ရေးဆိုင်ရာလေ့လာ စောင့်ကြည့်သူများက ပြောဆိုထားသည်။

Cobra Gold သည် အမေရိကန်ပြည်ထောင်စုနှင့် ထိုင်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသော နှစ်စဉ် နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုတစ်ခု ဖြစ်သည်။ စစ်အေးခေတ်ကာလ ၁၉၈၂ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး နှစ်နိုင်ငံ ရေတပ်လေ့ကျင့်မှုအဖြစ်မှ ယနေ့ခေတ်တွင် နိုင်ငံပေါင်းများစွာ ပါဝင်သော ဘက်စုံစစ်ရေးလေ့ကျင့်မှုကြီးအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့သည်။ ဤလေ့ကျင့်မှုသည် စစ်ရေးတိုက်ခိုက်မှု သက်သက်သာမက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးစသည့် ကဏ္ဍပေါင်းစုံကို လွှမ်းခြုံထားသည်ကို တွေ့မြင်လာရပြီဖြစ်သည်။

ယခုနှစ်တွင် ကျင်းပသည့် လေ့ကျင့်မှုကို အကြီးစားလေ့ကျင့်မှုနှစ်(Heavy Year)အဖြစ် သတ်မှတ်ထားပြီး ဖေဖော်ဝါရီ ၂၃ ရက်မှ မတ်လ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်ရှိ U-Tapao လေဆိပ်တွင် ပြုလုပ်ခဲ့သော ဖွင့်ပွဲအခမ်းအနားကို ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် အမေရိကန် အမှတ် (၁) တပ်မဟာမှူးတို့က ပူးတွဲဦးဆောင်ခဲ့ကြပြီး အာရှ-ပစိဖိတ်ဒေသတွင်းမှ သံအမတ်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

ယခုနှစ် လေ့ကျင့်မှုတွင် အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား အပါအဝင် နိုင်ငံပေါင်း ၃၀မှ တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ကျော် ပါဝင်ကြမည်ဖြစ်သည်။

၎င်းနိုင်ငံများပါဝင်မှုအဆင့်သတ်မှတ်ချက်အရ အုပ်စု ၄ စုပိုင်းခြားထားသည်ကို မြင်တွေ့ရပြီး အဓိကပါဝင်သည့် နိုင်ငံ ၇ နိုင်ငံမှာ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့ဖြစ်သည်။

အခြားအုပ်စုတစ်ခုတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဲ့သို့သော လေ့ကျင့်ခန်းများတွင်သာ ပါဝင်ကြမည်ဖြစ်သော နိုင်ငံ ၃ နိုင်ငံမှာ ဩစတြေးလျ၊ တရုတ်နှင့် အိန္ဒိယတို့ဖြစ်သည်ကို တွေ့ရှိရသည်။

ထို့အပြင် နိုင်ငံတကာ စစ်ဆင်ရေးစီမံချက် ရေးဆွဲရေးအဖွဲ့တွင် ပါဝင်သည့် ၁၀နိုင်ငံစာရင်းတွင် ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ဖီဂျီ၊ ပြင်သစ်၊ ယူနိုက်တက်ကင်းဒမ်း(ဗြိတိန်)၊ အီတလီ၊ မွန်ဂိုးလီးယား၊ နီပေါ၊ နယူးဇီလန် နှင့် ဖိလစ်ပိုင်တို့ပါဝင်သည်။
Cobra Gold 206 တွင် လေ့လာသူအဖြစ် ပါဝင်သည့် ၁၀နိုင်ငံမှာ ဘရူနိုင်း၊ ဂျာမနီ၊ ဂျော်ဒန်၊ လာအို၊ နယ်သာလန်၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ ဆွီဒင်၊ ဗီယက်နမ် နှင့် တီမောလက်စ်တေနိုင်ငံများဖြစ်သည်။

ယခင်နှစ်များက လေ့လာသူအဖြစ် ပါဝင်လေ့ရှိသည့် ကမ္ဘောဒီးယားနိုင်ငံမှာမူ ယခုနှစ် Cobra Gold လေ့ကျင့်မှုတွင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။
Cobra Gold 2026၏ အဓိကရည်ရွယ်ချက်မှာ ကဏ္ဍစုံပူးပေါင်းစစ်ဆင်ရေး (Combined Joint All Domain Operations-CJADO)ကို အပြည့်အဝ အကောင်အထည်ဖော်ရန်ဟု ပြောဆိုထားသည်။ ပုံမှန်စစ်ရေးလေ့ကျင့်မှုများဖြစ်သည့် ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးများအပြင် အာကာသနှင့် ဆိုက်ဘာ ကဏ္ဍများကိုပါ အထူးပြု လေ့ကျင့်သွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ခေတ်သစ်စစ်ပွဲများတွင် မရှိမဖြစ်လိုအပ်သော ဝေဟင်ဓာတ်ပုံ ခွဲခြမ်းစိတ်ဖြာခြင်း (GEOINT) နှင့် ဆက်သွယ်ရေးလှိုင်းများမှ ထောက်လှမ်းရေးသတင်းရယူခြင်း(SIGINT)နည်းပညာများကိုလည်း ထည့်သွင်းလေ့ကျင့်မည်ဖြစ်သည်။
ခေတ်သစ် စစ်ရေးလေ့ကျင့်မှုများတွင် စစ်ပွဲသက်သက်မဟုတ်ဘဲ သဘာဝဘေးအန္တရာယ်များကို တုံ့ပြန်နိုင်စွမ်းသည်လည်း အရေးကြီးလာသည်။ ထို့ကြောင့် Cobra Gold တွင် HADR (Humanitarian Assistance and Disaster Relief) လေ့ကျင့်မှုများကို အလေးထား ထည့်သွင်းထားသည်။ ယခုနှစ်တွင် ထိုင်းမင်းသမီး Sirivannavari Nariratana ၏ အိမ်မွေးခွေး “Mi-6” ဦးဆောင်သော K9 USAR Thailand အဖွဲ့က ရှာဖွေကယ်ဆယ်ရေး သရုပ်ပြပွဲများတွင် ပါဝင်မည်ဖြစ်ရာ အသက်ကယ်ဆယ်ရေး လုပ်ငန်းများတွင် K9 ခွေးများ၏ အရေးပါမှုကိုပါ မီးမောင်းထိုးပြလျက်ရှိသည်။

ထို့အပြင် “သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် အကြီးတန်း ခေါင်းဆောင်များ ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု (ဥပမာ – တော်ဝင် စေတနာ့ဝန်ထမ်း အစီအစဉ်)တို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သည့် ပုံစံကို နိုင်ငံတကာသို့ ချပြဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
Cobra Gold 2026၏ စိတ်ဝင်စားဖွယ် လေ့ကျင့်ခန်းတစ်ခုမှာ ထိုင်း၊ အမေရိကန်နှင့် ဂျပန်တို့ ပူးပေါင်းလုပ်ဆောင်သည့် NEO(Non-combatant Evacuation Operations)လေ့ကျင့်ခန်း ဖြစ်သည်။ ဤလေ့ကျင့်ခန်းသည် ပဋိပက္ခဖြစ်ပွားနေသော သို့မဟုတ် တိုက်ပွဲပြင်းထန်နေသော ဒေသများမှ အရပ်သားပြည်သူများနှင့် အစိုးရဝန်ထမ်းများကို ဘေးကင်းလုံခြုံစွာ ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ရန် ရည်ရွယ်သည်။ ဤလေ့ကျင့်ခန်းသည် ဖိအားများသော အကျပ်အတည်းကာလတွင် မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် တိကျသေချာမှုကို စမ်းသပ်သည့် လေ့ကျင့်ခန်းဖြစ်သည်။

Cobra Gold သည် လေ့ကျင့်ခန်းသက်သက်မဟုတ်ဘဲ သံတမန်ရေးရာနှင့် မဟာမိတ်ဆက်ဆံရေးကို ခိုင်မာစေသော စင်မြင့်တစ်ခုဖြစ်သည်ဟု ပြောဆိုကြသည်။အမေရိကန်နှင့် ထိုင်းတပ်မတော် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာတွင် M1126 Stryker သံချပ်ကာယာဉ်များ အဆင့်မြှင့်တင်ရေးကို ဆွေးနွေးခဲ့ကြသည့်အပြင် ထိုင်းတပ်မတော်၏ ကျွမ်းကျင်မှုဆိုင်ရာများကို အမေရိကန်က ချီးကျူးခဲ့သည်။

ထို့အပြင် အကြီးတန်း ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ထိုင်းတပ်မတော်ဘက်ကနိုင်ငံတကာ ကိုယ်စားလှယ်များကို လေးတော်တင်နေသော နာရယဉ်နတ်မင်း (ဗိဿနိုး) ရုပ်တုများအား လက်ဆောင်ပေးအပ်ခဲ့သည်။ ၎င်းရည်ညွှန်းမှုသည် တရားမျှတမှုကို ထိန်းသိမ်းခြင်း၊ ငြိမ်းချမ်းရေးကို ကာကွယ်ခြင်းနှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း တည်ငြိမ်ရေးအတွက် အင်အားကို တရားဝင်အသုံးပြုခြင်းဆိုသည့် သံတမန်ရေးရာ သင်္ကေတကို ဖော်ညွှန်းသည်ဟု ထိုင်းသတင်းမီဒီယာအချို့တွေ့ ရေးသားဖော်ပြထားသည်။

အချုပ်အားဖြင့်ဆိုရာတွင် Cobra Gold 2026 သည် ပုံမှန်စစ်ရေးလေ့ကျင့်မှုဘောင်ကို ကျော်လွန်၍ ဆိုက်ဘာတိုက်ခိုက်မှု၊ သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခဒေသတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ စသည့် ခေတ်သစ် ကမ္ဘာ့လုံခြုံရေး စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပြင်ဆင်နေသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကြီးတစ်ခုအဖြစ် ရှုမြင်ရမည် ဖြစ်ပေသည်။
ဓါတ်ပုံ – SMART Soldiers Strong ARMY
